စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်တွင် စားသုံးသူအကာအကွယ်ပေး ပညာပေးဟောပြောပွဲများကျင်းပ

 

               စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် စားသုံးသူအကာအကွယ်ပေးရေး လုပ်ငန်းစဉ် တစ်ခုဖြစ်သည့် အသိပညာပေးဟောပြောပွဲများကို မြို့ရွာများအနှံ့ အရှိန်အဟုန်မြှင့် ကျင်းပလျက်ရှိရာ ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ်တွင် ပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ် ခဲ့ပါသည်။

          မြောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် နံနက် ၁၀း၃၀ ချိန်၌ ကျင်းပပြုလုပ်သော စားသုံးသူအကာအကွယ်ပေး အသိပညာပေးဟောပြောပွဲသို့ ဌာန ဆိုင်ရာဝန်ထမ်းများ၊ မြို့နယ် စီမံခန့်ခွဲရေးကော်မတီဝင်များ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စိတ်ပါဝင်စားသူ စုစုပေါင်း ၇၂ ဦး တက်ရောက်ခဲ့ပါသည်။ ဟောပြောပွဲတွင် မြောင်မြို့နယ် စီမံခန့်ခွဲမှုကော်မတီအတွင်းရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဒေါ်ခင်မျိုးလှိုင်က အမှာ စကားပြောဖွင့်လှစ်ခဲ့ပြီး ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသိန်းစိုးက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် နိုင်ငံတော်၏ ကုန်သွယ်မှုပမာဏ တိုးတက်ရေးအတွက်သာ ဆောင်ရွက်နေခြင်း သက်သက်မဟုတ် ဘဲ ကုန်သွယ်သည့် ကုန်ပစ္စည်းများ၏ လုံခြုံစိတ်ချရမှု၊ စားသုံးသူများအတွက် အန္တရာယ်ကျရောက်နိုင်မည့် အချက်များ၊ မမှန်ကန်သည့် ဝန်ဆောင်မှုများကြောင့် စားသုံးသူများ နစ်နာဆုံးရှုံးမှု မဖြစ်စေရန် ရည်ရွယ်လျက် စားသုံးသူရေးရာဌာနကို တိုးချဲ့ဖွဲ့စည်းခဲ့ပါကြောင်း၊ စားသုံးသူများ၏ နစ်နာမှုများအတွက် ဥပဒေဖြင့် ကာကွယ်မှုပြုနိုင်ရန် စားသုံးသူအကာအကွယ်ပေးရေးဥပဒေ ကို နိုင်ငံတော်အစိုးရက ၂၀၁၄ ခုနှစ်၊ မတ်လ  ၁၄ ရက်နေ့တွင်ပြဌာန်းပေးခဲ့ပြီး ယင်းဥပဒေအရ စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ကို သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီး အစိုးရအဖွဲ့များမှ ဖွဲ့စည်းပေးခဲ့ပါကြောင်း၊ စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့တွင် သက်ဆိုင်ရာ ကဏ္ဍအသီးသီးမှ ကျွမ်းကျင်သည့် ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ထားပါကြောင်း၊ ထုတ်လုပ်သူ လုပ်ငန်းရှင်များသည် မိမိတို့တွင် ထမ်းဆောင်ရမည့် တာဝန်နှင့် ဝတ္တရားကို အလေးထား ဆောင်ရွက်ကြရမှာဖြစ်ပြီး ရပိုင်ခွင့်များကိုလည်း နားလည်သိရှိထားနိုင်ရန် ရှင်းပြရခြင်း ဖြစ်ပါကြောင်း၊ စားသုံးသူများအနေဖြင့် မိမိတို့၏ ရပိုင်ခွင့်အခွင့်အရေးများကိုနားလည်သိရှိ သဘောပေါက် ထားရန် ပညာပေးဟောပြောပွဲများပြုလုပ်ပေးရခြင်းဖြစ်ပြီး နစ်နာဆုံးရှုံးမှုများကို တင်ပြတိုင်ကြားနိုင်ပါကြောင်း၊ စားသုံးသူကို နစ်နာစေသည့် အချက်များဖြစ်သည့် အန္တရာယ်ရှိ စားသောက်ကုန်ပစ္စည်းများ၊ အန္တရာယ်ရှိ လူသုံးကုန်ပစ္စည်းများ၊ အန္တရာယ်ရှိ ဝန်ဆောင်မှုများနှင့် အန္တရာယ်ရှိ ဖျော်ဖြေတင်ဆက်မှုများအကြောင်းကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီးနောက် ဟောပြောပွဲမှာ နံနက် ၁၁း၄၅ ချိန်တွင် အောင်မြင်စွာပြီးမြောက်ခဲ့ပါသည်။

          ထို့ပြင် နေ့လည် ၁၄းဝ၀ ချိန်တွင် အခြေခံပညာအထက်တန်းကျောင်း၊ မြောင်မြို့ ရာပြည့်ခန်းမ၌ စားသုံးသူ အကာအကွယ်ပေးရေးအကြောင်းသိကောင်း စရာများ အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ဆရာ/ ဆရာမ ၁၈ ဦးနှင့် ကျောင်းသား/ကျောင်းသူ ၄၄၉ ဦး စုစုပေါင်းအင်အား ၄၆၇ ဦး တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီး ဦးကပ်ကျော်မှ အသိပညာပေးဟောပြောပွဲကျင်းပရသည့် ရည်ရွယ်ချက်များကို အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားပြီး ဟောပြောပွဲအခမ်းအနား စတင်ဖွင့်လှစ်ခဲ့ပါသည်။ ယင်းနောက် ဟောပြောပွဲကို ဆက်လက်ကျင်းပခဲ့ရာ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဌာနမှ ဦးသိန်းစိုး၊ ဦးသောင်းကြိုင်၊ ဦးသန်းထွန်း၊ ဒေါ်နှင်းနှင်းခိုင် ဒု-ဦးစီးမှူးများတို့က စားသုံးသူအကာအကွယ်ပေးရေး အကြောင်းအရာများ၊ ကျောင်းသားလူငယ်တို့၏ ကိုယ်ခန္ဓာဖွံ့ဖြိုးမှုနှင့် ဉာဏ်ရည် တိုးတက်မှုကို ထိခိုက်စေနိုင်သည့် မုန့်မျိုးစုံတို့အကြောင်း၊ အရည်အသွေးညံ့ဖျင်း သည့် လူသုံးကုန်ပစ္စည်းများကြောင့် မိမိတို့ တစ်ဦးတစ်ယောက်ချင်း အတွက်သာမက ရပ်ကွက်မြို့ရွာများအထိပါ နစ်နာဆုံးရှုံးရမှုများအကြောင်း၊ ဆေးလိပ်၊ အရက်နှင့် ကွမ်းယာများ ကြောင့် လူမှုရေး၊ စီးပွားရေးသာမက ကျန်းမာရေးကိစ္စများအထိပါ နစ်နာဆုံးရှုံးရမှုများ အကြောင်းတို့ကို ရုပ်ပုံကားချပ်များဖြင့် ရှင်းလင်းပညာပေး ဟောပြောခဲ့ကြပါသည်။ ပိုမိုသိရှိလိုသည့် ကျောင်းသားလူငယ်များ၏ မေးခွန်းများကို ဖြေကြားရှင်းလင်းပြီးနောက် ညနေ ၁၅း၃၀ ချိန်တွင် ဟောပြောပွဲအခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။

          ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံး အနေဖြင့် ပညာပေးဟောပြောပွဲများကို စီမံချက် လျာထားမှုများဖြင့် အကောင်အထည်ဖေါ်ဆောင်ရွက်လျက်ရှိရာ ၂၀၁၄ ခုနှစ်၊ ဧပြီလ ၁ ရက်မှ ယနေ့အချိန်အထိ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင် ၇ ခရိုင်ရှိ မြို့နယ်           ၁၄ မြို့နယ်သို့ သွားရောက်၍ နေရာပေါင်း ၈၇ နေရာတွင် ပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်ခဲ့ပြီး ဟောပြော ပွဲတက်ရောက်သူ လူဦးရေ စုစုပေါင်း ၂၈၄၈၆ ဦးအတွက် ပညာပေးပိုစတာ ၁၂၆ ခုနှင့် လက်ကမ်းစာစောင် ၁၈၅၆၀ စောင်ဖြန့်ဝေပေးခဲ့ပြီးဖြစ်ပါသည်။ စားသုံးသူရေးရာဌာနအနေဖြင့် မူလရည်မှန်းချက်ဖြစ်သည့် တိုင်းဒေသကြီးတစ်ခုလုံးကို ၃ နှစ်အတွင်း ပညာပေးဟောပြောနိုင်ရန် ဦးထိပ်ထား အကောင်အထည်ဖေါ် ဆောင်ရွက်လျက် ရှိပါကြောင်း အသိပေးလိုက်ရပါသည်။

         

                                                                                                                   နှင်းနှင်းခိုင်