တစ်ဦးတည်းပိုင်ထုတ်ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်ကဒ်နှင့် လုပ်ကိုင်ခွင့်ရှိတဲ့အမယ်များအတွက် သင့်တင့်သောဈေးနှုန်းများဖြစ်စေရေး ကြိုတင်ပြင်ဆင်ထားရန်လို

တစ်ဦးတည်းပိုင် ထုတ်ကုန်သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင်ကဒ် Individual Trading Card နဲ့ပတ်သက်ပြီး တစ်နိုင်တစ်ဆွဲ သယ်ယူနိုင်ရေး အကောက်ခွန်ပိုင်းဆိုင်ရာ လုပ်ငန်းများ ကြိုတင် ပြင်ဆင်ထားပြီးဖြစ်တယ်။ သွင်းကုန် (၄၁) မျိုးရှိတဲ့ အတွက် တစ်မယ်ချင်း အလိုက်ဖြစ်နိုင်ချေ ရှိတဲ့ဈေးနှုန်းများကို ကုန်သည်အသင်းမှတစ်ဆင့် စိစစ်ထားရန်လိုအပ်တယ်။ ချက်ချင်းသယ်ဆောင်နိုင်ရေး ကုန်သည်များ အနေနဲ့ သယ်ဆောင်လာတဲ့ပစ္စည်းစာရင်း ပြုစုထားဖို့လိုအပ်တယ်။ ကုန်ဈေးနှုန်းစိစစ်ရေးအဖွဲ့မှ ဈေးနှုန်းသင့်မသင့် စိစစ်ပြီး လိုင်စင် ပြုလုပ်တင်သွင်းခွင့် ရရှိနိုင်မှာဖြစ်ကြောင်းနဲ့ အသေးစိတ် ကြိုတင်ပြင်ဆင်ထားကြလျှင် လုပ်ငန်းကြန့်ကြာမှုရှိမှာ မဟုတ်ကြောင်း တမူးနယ်စပ် ကုန်သွယ်ရေး (OSS) အကောက်ခွန်မှူး ဦးဉာဏ်သိမ်း က တမူးနယ်စပ်ကုန်သွယ်မှု မြှင့်တင်ရေးအစည်းအဝေးမှာ ကုန်သည်လုပ်ငန်းရှင် များကို အသိပေး ပြောကြားခဲ့တာလို့ သိရှိရပါတယ်။

ယခုအခါ တမူးဒေသရှိကုန်သည်အငယ်စား၊ အလတ်စားများတစ်နိုင်တစ်ဆွဲလုပ်ကိုင်နိုင်စေရန် တစ်ဦးတည်းပိုင် ထုတ်ကုန်သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင်ပုံတင်ကဒ် Individual Trading Card များနဲ့ လုပ်ကိုင်ခွင့်ကို တမူးဒေသအား ဦးစားပေးဆောင်ရွက် ပေးနေပြီဖြစ် ပါတယ်။

တာဝန်ရှိသူ အဆင့်ဆင့်မှ ဖြေလျော့ ဆောင်ရွက်ပေးနေပေမဲ့ Individual Trading Card လာရောက် လျှောက်ထားမှု နည်းနေ သေးတယ်။ တစ်နိုင်တစ်ဆွဲနဲ့ ရှောင်ကွင်းလမ်းများမှ သွားလာမှုများ ရှိနေဆဲပဲလို့ တမူး နယ်စပ်ကုန်သွယ်ရေးစခန်း တာဝန်ခံက တမူးနယ်စပ် ကုန်သွယ်မှုမြှင့်တင်ရေးအစည်းအဝေးမှာ ထုတ်ဖော်သုံးသပ် ပြောကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။

မှောင်ခိုပပျောက်ရေးအတွက် ပြည်သူလူထုနဲ့ ဝန်ထမ်းများပါဝင်တဲ့ သုံးနားညီတြိဂံပုံ တည်ဆောက်မှသာ တရားမဝင် ကုန်သွယ်မှု ပပျောက်ပြီး တရားဝင်ကုန်သွယ်မှုများ ဆောင်ရွက်လာပါက နိုင်ငံတော်မှ အခွန်အခများ ရရှိကာ နိုင်ငံတော်အတွက် အထောက်အကူ ဖြစ်စေမှာဖြစ်တယ်။ တစ်ဦးတည်းပိုင် ထုတ်ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်ကဒ် Individual Trading Card မှတ်ပုံတင်ရေးလည်း ခွင့်ပြု ပေးထားပြီးဖြစ်ရာ ပညာပေးကာလပြီးဆုံးပါက ဖမ်းဆီးအရေးယူခြင်း အဆင့်ကိုရောက်ရှိတော့မှာ ဖြစ်ကြောင်း တမူးနယ်စပ်ကုန်သွယ်ရေး စခန်းတာဝန်ခံ ညွှန်ကြားရေးမှူး ဦးဝင်းတင့် က နယ်စပ်ကုန်သွယ်မှု မြှင့်တင်ရေး အစည်းအဝေးမှာ အသိပေးပြောကြားခဲ့တယ်လို့ သတင်းရရှိ ပါတယ်။

Source: နကသ(တမူး) ဂန္ဓမာ