Mobile Team ရဲ့ လှုပ်ရှား ဆောင်ရွက်မှု အခြေအနေနဲ့ စပ်လျဉ်းပြီး ပွင့်လင်းမြင်သာမှု ရှိစေရေး ချင်းရွှေဟော် နယ်စပ်မှာ ချပြရှင်းလင်းမှုဆောင်ရွက်

ဗုဒ္ဓဟူးနေ့၊ ၀၂ ဇန်နဝါရီလ ၂၀၁၃ 17:00 PM

လှုပ်ရှား ရှာဖွေ တားဆီးရေး အဖွဲ့ Mobile Team နဲ့ စခန်း ထုတ်နုတ် အင်အားဖြင့် ရှာဖွေ တားဆီးရေး အဖွဲ့များနဲ့ နိုဝင်ဘာလ ၁ ရက်မှ ဒီဇင်ဘာလ ၃၁ ရက် အထိ ပညာပေး ကာလ သတ်မှတ် ဆောင်ရွက်ခဲ့ပြီး ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ စပြီး တရားမဝင် အကောက်ခွန်မဲ့ ကုန်ပစ္စည်းများ သယ်ဆောင်မှုကို တွေ့ရှိပါက ဖမ်းဆီး အရေးယူ ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ထို့အပြင် ကုန်ပစ္စည်းကို နိုင်ငံတော် ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်း၊ ယာဉ်မောင်း ယာဉ်နောက်လိုက်များကို အရေးယူခြင်း၊ ပစ္စည်း ပိုင်ရှင် ဖော်ထုတ် အရေးယူခြင်း အပြင် သိမ်းဆည်း တန်ဖိုးဟာ ယာဉ်တန်ဖိုး ထက်ဝက်ထက် ကျော်ပါက ယာဉ် သိမ်းဆည်းခြင်းကို ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ ဒေသခံ ပြည်သူများ နစ်နာမှု မရှိစေရေး လုပ်ငန်းရှင်များ၊ ကုန်သည်များ၊ မော်တော်ယာဉ် ဂိတ်မှုများကို ဖိတ်ကြားပြီး ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေး စခန်း တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ကျော်က ဒီဇင်ဘာလ အတွက် ပြုလုပ်တဲ့ ကုန်သွယ်မှု မြှင့်တင်ရေး အစည်းအဝေးမှာ ချပြရှင်းလင်းခဲ့တာ ဖြစ်ပါတယ်။

ဒီဇင်ဘာလ ၂၆ ရက်နေ့က နိုင်ငံတော် သမ္မတမှ အစိုးရဌာန အဖွဲ့အစည်းများရဲ့ စီမံ အုပ်ချုပ်မှု စနစ် တိုးတက် ကောင်းမွန်အောင် ပြုပြင်ပြောင်းလဲ ဆောင်ရွက်ရေးနဲ့ စပ်လျဉ်းပြီး ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာ ပြည်သူ လူထု သဘောထား ဆန္ဒနဲ့ ပြည်သူလူထုရဲ့ အသံကို နားမထောင်ဘဲ၊ မတိုင်ပင်ဘဲ မိမိတို့သဘော အလျောက် ဆောင်ရွက်နေခြင်း၊ မိမိတို့ လုပ်ဆောင်မှုများကို ပွင့်လင်း မြင်သာမှု မရှိခြင်း၊ ပြည်သူ လူထု ကျယ်ကျယ် ပြန့်ပြန့် သိအောင် ချပြမှု မရှိခြင်း၊ ပြည်သူ လူထုက သိလို၍ မေးမြန်းခြင်းနဲ့ ပြည်သူ လူထုရဲ့ လိုအပ်ချက် တောင်းဆိုခြင်းများ အပေါ် တာဝန်ယူ ဖြေရှင်း ပေးမှု မရှိခြင်း၊ ဥပဒေနဲ့ အညီ ဆောင်ရွက်မှု မရှိခြင်းကြောင့် နောက်ဆက်တွဲ အဂတိ လိုက်စားမှု၊ လာဘ်ပေး လာဘ်ယူမှုများ ဖြစ်ပေါ်ခြင်း တို့ကို ထည့်သွင်း ပြောကြားခဲ့ ပါကြောင်း၊ ဒါကြောင့်လည်း ယခုကဲ့သို့ မိမိတို့ လုပ်ကိုင်မဲ့ လုပ်ငန်းစဉ်များကို ပွင့်လင်း မြင်သာမှုရှိအောင် ချပြ ရှင်းလင်းခြင်း ဖြစ်ကြောင်းနဲ့ လုပ်ငန်းရှင်များ အနေနဲ့ အခက်အခဲများကို ပွင့်ပွင့် လင်းလင်း တင်ပြပေးရန် ဖိတ်ခေါ်ေ ပြာကြားမှုကို စခန်း တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ကျော်က ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ဝကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ အောက်ရှိ ဒေသမှာ ကြံနဲ့ ရော်ဘာ အဓိကထား အများဆုံး စိုက်ပျိုးလျက်ရှိတဲ့ ဟိုပန် စိုက်ပျိုးရေး ဦးစီးဌာန၊ ဦးစီမှူး ဦးသိန်းဝင်း ကဟိုပန်၊ လားရှိုး မော်တော်ယာဉ် အသင်းအား ဖိတ်ကြားမှသာ Mobile Team အကြောင်း သိရှိရပြီး၊ ယာဉ်အသင်းများ မလိုလား အပ်တဲ့ ပြဿနာများ မဖြစ်ပေါ်စေရေး အတွက် နောင်လာမဲ့ အစည်းအဝေးများမှာ ဝကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းအစိုးရမှ တာဝန်ရှိသူများအား ဖိတ်ကြားပြီး သိသင့် သိထိုက်တဲ့ ကိစ္စများ ပြောကြား ပေးစေလိုကြောင်းနဲ့ သို့မှသာ ဒေသရှိ မော်တော်ယာဉ် အသင်း လုပ်ငန်းရှင်များ သိရှိနားလည် သဘောပေါက် စေမယ်လို့ တင်ပြ ဆွေးနွေးခဲ့ ပါတယ်။ တင်ပြချက်နဲ့ စပ်လျဉ်ပြီး စခန်း တာဝန်ခံက နောင်အစည်းအဝေးများမှ ဝကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းမှ တာဝန်ရှိသူများကို ဖိတ်ကြား ပေးသွားမယ်လို့ ပြန်လည် ပြောကြားခဲ့တယ်လို့ သတင်း ရရှိပါတယ်။

Source: နကသ (ချင်းရွှေဟော်) CMK