မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းမှ ဒီဇင်ဘာလတွင် ကန်ဒေါ်လာ ၃၉ သန်းကျော် ဆောင်ရွက်နိုင်

ကြာသပတေးနေ့ ။ ၁၀  ဇန်နဝါရီလ ၂၀၁၃ 17:00 PM

မြန်မာ-ထိုင်း နယ်စပ်ရှိ မြဝတီ နယ်စပ် ကုန်သွယ်ရေး စခန်းက ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာ လတွင် ပို့ကုန် ကန်ဒေါ်လာ ၇ ဒသမ ၁၃၁ သန်း၊ သွင်းကုန် ကန်ဒေါ်လာ ၃၁ ဒသမ ၈၇၁ သန်း၊ ကုန်သွယ်မှု ပမာဏ ကန်ဒေါ်လာ ၃၉ ဒသမ ဝဝ၂ သန်း ဆောင်ရွက် နိုင်ခဲ့ ပါတယ်။

မြဝတီ နယ်စပ် ကုန်သွယ်ရေး စခန်း အနေနဲ့ ၂ဝ၁၂ ဒီဇင်ဘာလတွင် မြေပဲဆံ၊ ငရုတ်သီးခြောက်၊ ငါးမျိုးစုံ၊ ငစိန်ဆန် ၂၅ ရာခိုင်နှုန်း၊ စူပါ ကော်ဖီမစ်၊ နနွင်းတက်၊ ပုစွန်၊ မြေပဲ၊ နှမ်းညို၊ သီဟိုဠ်စေ့၊ ကွမ်းသီး၊ ပြောင်းဖူးစေ့၊ ဂျင်းခြောက်၊ ကြက်သွန်နီ၊ ပဲတီစိမ်း၊ ခေါက်ဆွဲခြောက်၊ နှမ်းနက်၊ ဧည့်မထ ဆန် ၂၅ ရာခိုင်နှုန်း၊ ကဏန်း အရှင် တို့တင်ပို့ ခဲ့ပြီး သွင်းကုန် အနေနဲ့ ရင်းနှီးမြှုပ်နံှမှု ပစ္စည်းများ ဖြစ်တဲ့ ယာဉ်နှင့် ယာဉ်ယန္တရား ပစ္စည်းများ၊ ဘိလပ်မြေ၊ စက်နှင့် စက်အပို ပစ္စည်းများ၊ ဆိုင်ကယ် အပို ပစ္စည်းများ၊ စက်ဘီး အပို ပစ္စည်းများ၊ လုပ်ငန်းသုံး အုပ်စုတွင် စက်သုံးဆီ၊ အိမ်သုတ် ဆေး၊ အင်ဂျင်ဝိုင် နှင့် ပလပ်စတစ် ကုန်ကြမ်း ပစ္စည်းများ၊ လူသုံးကုန် ပစ္စည်း အုပ်စုတွင် စားသောက်ကုန် ပစ္စည်းများ၊ သွားတိုက်ဆေး၊ အချိုရည်၊ စားအုန်းဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများနှင့် အလှကုန် ပစ္စည်းများ တင်သွင်းခဲ့ ပါတယ်။

မြဝတီ နယ်စပ် ကုန်သွယ်ရေး ဇုန်မှ တဆင့် တင်ပို့လျက်ရှိသော အဓိက ပို့ကုန် တင်ပို့မှုများနဲ့ စပ်လျဉ်းပြီး ဒီဇင်ဘာလ အတွက် တွေ့ရှိ သုံးသပ် ချက်များကို ဖော်ပြပေးလိုက်ရ ပါတယ်။

ဆန်အနေနဲ့ ယခု လတွင် ငစိန်၊ ဧည့်မထ ဆန်များ တင်ပို့ နိုင်ပြီး ဆန် အမျိုး အစားပေါ် မူတည်၍ တစ်ဖက် နိုင်ငံ ဝယ်ဈေးမှာ တစ်အိတ်လျှင် ၆ဝဝ ဘတ်မှ ၆၂ဝ ဘတ်ခန့် ဈေးပေါက်လျက် ရှိပါတယ်။ မိမိဘက်မှ ဆန်ကို ထိုင်း နိုင်ငံ အရောက် မြန်မာ ရွှေ့ပြောင်း လုပ်သားများ စားသုံးရန် အတွက်သာ အဓိက ဝယ်ယူခြင်း ဖြစ်ကြောင်း သိရှိရပါတယ်။

ပဲမျိုးစုံ တင်ပို့ နိုင်မှု အနေဖြင့် တစ်ဖက် နိုင်ငံတွင် ပဲမျိုးစုံ ဈေးကွက် ရရှိမှု တဖြေးဖြေး တိုးတက်လျက် ရှိပါတယ်။ မိမိ ဘက်မှ ပဲများကို မဲဆောက်မှ တစ်ဆင့် ဘန်ကောက် ဈေးကွက် အထိ တင်ပို့ပြီး ဘန်ကောက်မှ တစ်ဆင့် မလေးရှား၊ အင်ဒိုနီးရှား နိုင်ငံများသို့ ပြန်လည် တင်ပို့ကြောင်း သိရှိရ ပါတယ်။

နနွင်းတက် ကလည်း တစ်ဖက် နိုင်ငံ ဈေးကွက် လိုအပ်ချက် အပေါ် မူတည်ပြီး တင်ပို့ နေရတာဖြစ် ပါတယ်။ တစ်ဖက် နိုင်ငံတွင် ပရဆေး ကုန်ကြမ်းနှင့် ဟင်းချက်ရာမှာ အများဆုံး အသုံးပြုကြောင်း သိရပါတယ်။

သီဟိုဠ်စေ့ကို မဲဆောက်မှ ဘန်ကောက်ထိ တင်ပို့ပြီး တန်ဖိုးမြှင့် ထုတ်ကုန် အဖြစ် ထုတ်လုပ်၍ မလေးရှားနဲ့ စင်္ကာပူကို ဆက်လက် တင်ပို့ တယ်လို့ သိရ ပါတယ်။ တရုတ် နိုင်ငံမှ ထိုင်း နိုင်ငံသို့ တင်ပို့သော ဈေးကွက်တွင် ယှဉ်ပြိုင် ရောင်းချရ သောကြောင့် အမြတ် ရရှိမှု နည်းပါးပြီး ဈေးကွက် အသင့် အတင့်သာ ရှိပါတယ်။

ကြက်သွန်နီဟာ တစ်ဖက် နိုင်ငံရဲ့ ဈေးကွက် အတွင်းသို့ ဝင်ရောက်နိုင် သော်လည်း မိမိ နိုင်ငံ အတွင်း ကုန်ပစ္စည်း ရရှိမှု လျော့နည်း လာခြင်း၊ ပြည်တွင်း ဈေးမြင့် နေခြင်း၊ အရည် အသွေးကို တစ်ဖက် နိုင်ငံမှ နှစ်ခြိုက်မှု နည်းနေခြင်း တို့ကြောင့် ဝယ်လိုအား ကျဆင်းလျက် ရှိပါတယ်။

ငရုတ်သီး ခြောက်များကို မဲဆောက်မှ ဘန်ကောက်ထိ တင်ပို့ပြီး ဘန်ကောက်တွင် တန်ဖိုးမြင့် ထုတ်ကုန် အဖြစ် ထုတ်လုပ်ကာ မလေးရှားသို့ ဆက်လက် တင်ပို့ကြောင်း တွေ့ရပါတယ်။

ရေထွက် ပစ္စည်းများ ဖြစ်သော ငါးမျိုးစုံ၊ ပုစွန်၊ ကဏန်း၊ ငါးရှဉ့်များ တင်ပို့ နိုင်ခဲ့ပြီး တစ်ဖက် နိုင်ငံမှ မိမိ ရေထွက် ပစ္စည်းများကို ကြိုက်နှစ်သက် ခြင်းကြောင့် ဈေးကွက် ဝယ်လိုအား ရှိနေ ပါတယ်။ မိမိ ဘက်မှ တင်ပို့သော ငါးများကို တစ်ဖက် နိုင်ငံမှာ အမှုန့်ကြိတ်၍ ငါးမှုန့် ပြုလုပ်ပြီး တန်ဖိုးမြှင့် ထုတ်ကုန်များ ပြုလုပ်ခြင်း၊ ပြည်တွင်း၌လည်း ငါးများကို စားသုံးပြီး အချို့ကို ငါးအသား လွှာ၊ ငါး အသားလုံး ပြုလုပ်ခြင်း နဲ့ ပြုပြင် အေးခဲပြီး Re-Export ပြန်လည် ပြုလုပ်လျက် ရှိနေပါတယ်။

ခင်မြနွယ် MIRT (DOBT)