လေ့လာစူးစမ်း ကန်ပိုက်တီး ကုန်သွယ်မှု ခရီးလမ်း

ကြာသပတေးနေ့ ။ ၁၀  ဇန်နဝါရီလ ၂၀၁၃ 17:30 PM

ကန်ပိုက်တီး ဆိုတာ မြန်မာပြည် မြောက်ဖျား၊ ကချင် ပြည်နယ် အတွင်း မြန်မာ- တရုတ် နယ်စပ်မှာ ရှိနေ တာပါ။ ကန်ပိုက်တီးမှာ မြန်မာ- တရုတ် နယ်စပ် ကုန်သွယ်ရေး ဆောင်ရွက်နိုင်ဖို့ ကန်ပိုက်တီး နယ်စပ် ကုန်သွယ်ရေး စခန်းကို ဖွင့်လှစ်ထား ပါတယ်။ လက်ရှိ ကာလမှာ နယ်မြေ အေးချမ်းမှု တည်ငြိမ်မှု မရှိသော်လည်း ကန်ပိုက်တီး နယ်စပ် ကုန်သွယ်ရေး စခန်းရဲ့ ကုန်သွယ်မှု ကတော ပုံမှန် အတိုင်း ဆောင်ရွက်လျက် ရှိပါတယ်။

ကုန်သွယ်မှု တွေက ပုံမှန် အတိုင်း ရှိပေမယ့် လမ်းခရီး ကတော့ ဖြောင့်ဖြူး နေတာ မဟုတ်ပါဘူး။ လက်ရှိ အခြေအနေမှာ ထိတွေ့မှု ဖြစ်စဉ်တွေ မကြာခဏ ရှိနေပြီး ကား လမ်းကြောင်း တစ်လျှောက်မှာ တရားမဝင် ငွေကြေး ကောက်ခံမှု တွေလည်း လုပ်ဆောင်လျက် ရှိတယ်လို့ ကန်ပိုက်တီး နယ်စပ် ကုန်သွယ်ရေး စခန်းက သတင်းပို့ လာပါတယ်။ ကြားရတဲ့ သတင်းကတော့ ကုန်သွယ်မှု တိုးတက်ရေး အတွက် အပေါင်း လက္ခာဆန်တဲ့ သတင်းမျိုး မဟုတ်ပါဘူး။ ဒေသခံ ပြည်သူ လူထုတွေ အတွက်လည်း ကုန်သွယ်မှု အဆင်ပြေပြေ ဆောင်ရွက် နိုင်ဖို့ အတွက် ငြိမ်းချမ်းရေး အမြန်ဆုံး ရဖို့ပဲ ဆုတောင်း ပေးနေ ရပါတယ်။

လတ်တလော ကန်ပိုက်တီး ကုန်သွယ်ရေး စခန်းရဲ့ ကုန်သွယ်မှုကို ပြန်ကြည့်လျှင် ပို့ကုန် တင်ပို့မှု လုံးဝ မရှိဘဲ သွင်းကုန် တင်သွင်းမှု တန်ဖိုး အနည်း အကျဉ်းသာ ရှိနေ ပါတယ်။ ဘာပဲဖြစ်ဖြစ် လက်ရှိ အခြေအနေမှာ ကုန်သွယ်မှု လုံးဝ ရပ်တန့် သွားခြင်း မရှိတဲ့ အတွက် ဒေသခံ ကုန်သည်တွေနဲ့ ဒေသခံ ပြည်သ ူလူထုတွေ အတွက် အနည်းနဲ့ အများ အကျိုးရှိ နေစေအုံးမှာပါ။

မြစ်ကြီးနား ကနေ ကန်ပိုက်တီး လမ်းကြောင်း မိုင် ၈ဝ ခန့် အတွက် ကုန်ကျစ် တစ်ပိဿာကို ကျပ် ၄၇ဝ ခန့် ကုန်ကျ နေပြီး ကုန်ပွ တစ်ပိဿာ ကိုတော့ ၅၃ဝ ကျပ်ခန့် ကုန်ကျ နေတာမို့ သယ်ယူ ကုန်ကျ စရိတ်က များနေ ပါတယ်။ သယ်ယူ စရိတ်များတော့ ကုန်သည် လုပ်ငန်းရှင် အတွက် လုပ်သာ ကိုင်သာ ရှိမ အခွင့် အလမ်း ကတော့ နည်း နေဆဲပါ။

ဒါ့အပြင် တရားမဝင် ကုန်သွယ်မှုကလည်း ရှိနေသေး ပါတယ်။ ကန်ပိုက်တီး နယ်စပ် ကုန်သွယ်ရေး စခန်းရဲ့ နောက်ကျော ဘက်မှာ ရှိတဲ့ တောင်ကုန်း များကို ဖြတ်ပြီး တရုတ် နိုင်ငံ၊ ကူရုံးမြို့ကို ဝင်ရောက်တဲ့ တရားမဝင် လမ်းကြောင်း ကနေပြီး သစ်မာမျိုးစုံ တစ်ဖက် နိုင်ငံကို တရားမဝင် တင်ပို့ နေတယ်လို့ ဆိုပါတယ်။ အဲသလို ဆိုတော့ တရားဝင် လမ်းကြောင်းက ကုန်သွယ်နေတဲ့ ကုန်သည် တွေလည်း နစ်နာ၊ နိုင်ငံတော် အတွက်လည်း ရသင့် ရထိုက်တဲ့ အခွန် အခတွေ မရရှိတာကြောင့် နစ်နာ၊ တိုင်းပြည် အတွက် သစ်တောထွက် သယံဇာတတွေ ဆုံးရှုံးပြီး သဘာဝ ပတ်ဝန်းကျင်ကိုပါ ထိခိုက်လာ နိုင်တာမို့ ရေရှည် အတွက်ပါ နစ်နာနေပြီး အကျိုး အမြတ် အနေနဲ့ တွက်ကြည့်ရင် နိုင်ငံတော်နဲ့ နိုင်ငံသားတွေ အတွက် မိအေး နှစ်ခါ မက သုံးလေး ခါပါ နာနေ ရတဲ့ အဖြစ်တွေပါ။

ဒေသခံ ကုန်သည်တွေ ကတော့ နယ်မြေ အေးချမ်းဖို့၊ လမ်း တံတားတွေ ကောင်းမွန်ဖို့၊ လမ်းတွေမှာ တရားမဝင် ငွေကြေး ကောက်ခံ နေတဲ့ ဂိတ်တွေကို ရှင်းလင်း ဆောင်ရွက် ပေးဖို့ တင်ပြ နေပေမယ့် တစ်ဖက်က နယ်မြေ တည်ငြိမ် အေးချမ်းမှု မရှိတဲ့ အဓိက အချက်ကြောင့် သူတို့တွေ တင်ပြနေတဲ့ အချက်တွေကို လတ်တလော ဖြေရှင်း ပေးနိုင်ဖို့ ဆိုတာ လွယ်ကူ အုံးမှာတော့ မဟုတ်ပါဘူး။

ဒေသခံ ကုန်သည်တွေရဲ့ အခက်အခဲတွေ ပြေလည်ပြီး ကန်ပိုက်တီး နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းမှာ အေးအေး ချမ်းချမ်း ကုန်စည် ကူးသန်း ရောင်းဝယ်နိုင်ဖို့ အတွက် အမြန်ဆုံး နယ်မြေ တည်ငြိမ် အေးချမ်း ပါစေကြောင်း နှစ်သစ်မှာ တောင်းဆု ချွေလိုက်ပါရဲ့။

 

စုသက်နှင်း (ကမရ)