ဒေသဆိုင်ရာအညွှန်း သိကောင်းစရာများ (၁) (Geographical Indications, GI)
ဒေသဆိုင်ရာအညွှန်း (GI) ဆိုသည်မှာ မူရင်းဒေသကို အထူးဖော်ညွှန်းပြီး၊ အရည်အသွေး၊ ထင်ပေါ်ကျော်ကြားမှု (သို့မဟုတ်) အခြားထူးခြားသော ဝိသေသလက္ခဏာများပါရှိ၍ ကုန်ပစ္စည်း ထွက်ရှိရာနိုင်ငံ၊ နယ်မြေဒေသမှ မူလကတည်းက ထွက်ရှိသော ကုန်ပစ္စည်းဖြစ်ကြောင်း ညွှန်းပြချက် တစ်ခုခုဖြစ်ပါသည်။ တစ်နည်းအားဖြင့် အရည်အသွေးမြင့်မားနေသော ကုန်ပစ္စည်းတစ်ခုသည် ထွက်ရှိရာ မူရင်းဒေသ၏ အမည်ဖြင့်တွဲလျက် ထင်ပေါ်ကျော်ကြားနေသော ထုတ်ကုန်တစ်ခုဖြစ်နေလျှင် အဆိုပါကုန်ပစ္စည်းကို ဒေသဆိုင်ရာအညွှန်းဟု ခေါ်ဆိုအသုံးပြုနိုင်မည်ဖြစ်ပြီး၊ မူရင်းဒေသ တစ်ခုမှ စတင်ထွက်ရှိသော ထွက်ကုန်တစ်ခုအဖြစ် သတ်မှတ်ဖော်ပြသည့် အမှတ်အသားဖြစ်ပါသည်။
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့်နိုင်ငံဖြစ်ပြီး မြေပေါ်မြေအောက် သဘာဝသယံဇာတများ ပေါကြွယ်ဝသည့်အပြင် ဒေသထွက်ကုန်များစွာနှင့် လက်ရာမြောက်သော မြန်မာ့ယဉ်ကျေးမှု လက်မှုအနုပညာပစ္စည်းများဖြင့် ထင်ရှားသောနိုင်ငံဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် မူရင်း ထွက်ရှိရာဒေသ၏ အမည်နှင့်တွဲလျက် နာမည်ကျော်လူကြိုက်များ၍ အရည်အသွေး မြင့်မားသော ကုန်ပစ္စည်းများဖြစ်သည့် ရွှေဘိုပေါ်ဆန်း၊ ပုသိမ်ပေါ်ဆန်း၊ ရွာငံကော်ဖီ၊ ပုဂံယွန်းထည်၊ ပုသိမ်ထီး၊ မိုးကုတ်လက်ဖက်၊ ပျဉ်းမနားမျှစ်ချဉ် စသည့် ဒေသထွက်ကုန်များစွာရှိပါသည်။
ဒေသတစ်ခုမှထွက်သော ကုန်ပစ္စည်းတစ်ခုသည် အရည်အသွေးကောင်းမွန်၍ ထင်ပေါ် ကျော်ကြားလာသောအခါတွင် လူအများ၏ ကြိုက်နှစ်သက်မှုကိုရရှိလာပြီး ရောင်းဝယ်ဖောက်ကားမှုတွင် အောင်မြင်မှုများ ရရှိလာပါသည်။ ထိုကဲ့သို့ အောင်မြင်လာခြင်းအပေါ် အသုံးပြု၍ ထိုဒေသမှ ထွက်သောကုန်ပစ္စည်းများအဖြစ်သော်လည်းကောင်း၊ ဆင်တူယိုးမှား ပြုလုပ်၍သော်လည်းကောင်း တုပပြီးအသုံးပြုလာကြကာ စားသုံးသူများကို ထင်ယောင်ထင်မှားဖြစ်စေရန် ပြုလုပ်ကြသည်ကို တွေ့မြင်ကြရမည်ဖြစ်ပါသည်။
သုံးစွဲသူများအနေဖြင့်လည်း အရည်အသွေးကောင်းမွန်သည့် ကုန်ပစ္စည်းအစစ်အမှန်ကို ရွေးချယ်ရရှိနိုင်ရန် မလွယ်ကူတော့ပေ။ ထုတ်လုပ်သူများသာမက စားသုံးသူများအတွက်ပါ နစ်နာမှုများ ဖြစ်ပေါ်လာစေ၍ ဒေသဆိုင်ရာအညွှန်းထွက်ကုန်များကို အကာအကွယ်ပေးနိုင်ရေးသည် နိုင်ငံတော်၏ အဓိကလိုအပ်ချက်တစ်ခု ဖြစ်သောကြောင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနအနေဖြင့် ဒေသဆိုင်ရာအညွှန်း မူပိုင်ခွင့်အကာအကွယ်ပေးမည့် ဥပဒေပြဋ္ဌာန်းချက်များ ပါဝင်သည့် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေကို ၂၀၁၉ ခုနှစ်တွင် ရေးဆွဲ ပြဋ္ဌာန်းနိုင်ခဲ့ပြီး၊ ဒေသဆိုင်ရာအညွှန်း နည်းဥပဒေ(မူကြမ်း)ကို ရေးဆွဲလျက်ရှိပါကြောင်း တင်ပြလိုက်ရပါသည်။
ဒေါက်တာအေးအေးမော်
ညွှန်ကြားရေးမှူး
နိုင်ငံတကာနှင့်လူထုဆက်ဆံရေးဌာနခွဲ
မူပိုင်ခွင့်ဦးစီးဌာန