ဂျင်းအစို၊ ငရုတ်သီးခြောက် ကာနေးရှင်း နဲ့ နယ်စပ်ကုန်သွယ်ရေး
အင်္ဂါနေ့၊ ၀၁ ဇန်နဝါရီလ ၂၀၁၃ 19:20PM
မောချယ်ရီမြေ ကုမ္ပဏီ ကိုယ်စားလှယ် ဦးဖြိုးအောင်ထိန်က ဂျင်းအစို တင်သွင်းခွင့် ရ/မရ၊ စိုက်ပျိုးရေး ထောက်ခံချက် လို/မလို သိလိုကြောင်း၊ ယခင်က ကာနေရှင်းပန်း အစိုအား နယ်စပ်စခန်း လိုင်စင် ခွင့်ပြု ပေးခဲ့သော်လည်း ယခု Auto ခွင့်ပြု စာရင်းအမယ်တွင် မပါသဖြင့် ရုံးချုပ်သို့ ကြေးနန်း တင်နေရတဲ့ အတွက် Auto လိုင်စင်ခွင့်ပြု စာရင်းတွင် ထည့်သွင်း ပေးစေလိုကြောင်း ဒီဇင်ဘာလက မူဆယ် နယ်စပ်ကုန်သွယ်ရေး ညွှန်ကြားရေးမှူးရုံးမှာ ကျင်းပတဲ့ ကုန်သွယ်မှုမြှင့်တင်ရေး အစည်းအဝေးမှ တင်ပြခဲ့တယ်လို့ သတင်းရရှိပါတယ်။ Junction River Co,Ltd. မှ ဒါရိုက်တာ ဦးဝင်းနိုင် ကတော့ ငရုတ်သီးခြောက် တင်သွင်းရန် စားဖိုချောင် အသင်း ထောက်ခံချက်ရနိုင်ခြင်း ရှိ/မရှိ ကို မေးမြန်းခဲ့တယ်လို့ သိရပါတယ်။
စခန်းတာဝန်ခံ ညွှန်ကြားရေးမှူး ဦးဦးဟန်မှ ဂျင်းတင်သွင်းခြင်းနဲ့ စပ်လျဉ်းပြီး မျိုးအဖြစ် တင်သွင်းမယ် ဆိုလျှင် မြန်မာ စိုက်ပျိုးရေးမှ ထောက်ခံချက် ရယူရမှာ ဖြစ်ပြီး စားသုံးရန် အတွက်ဆိုမူ စားဖိုချောင်အသင်း ထောက်ခံချက် ရယူရန် လိုအပ်ကြောင်း၊ ငရုတ်သီးခြောက် တင်သွင်းလိုပါက ကုမ္ပဏီမှ တင်ပြလျှောက်ထားရန်နဲ့ မြဝတီ နယ်စပ်မှာလည်း ခွင့်ပြု ပေးထားပြီးဖြစ်လို့ မူဆယ် နယ်စပ်မှာလည်း ခွင့်ပြု ပေးနိုင်မည်ဖြစ်ကြောင်း၊ ပန်းအစိုကာနေရှင်း တင်သွင်းမှုနဲ့ စပ်လျဉ်းပြီး ယခင် စခန်းလိုင်စင်ခွင့်ပြု ထားခဲ့ပြီးဖြစ်တဲ့ အတွက် Auto လိုင်စင်ခွင့်ပြု အမယ်မှာပါရှိရေး ရုံးချုပ်သို့ တင်ပြပေး မည်ဖြစ်ကြောင်း ပြန်လည် ရှင်းလင်းပြောကြား ပေးခဲ့တယ်လို့ သတင်းရရှိပါတယ်။
Source: နကသ (မဆ) ပန်းချယ်ရီ