မြန်မာနိုင်ငံ စားသုံးသူရေးရာကော်မရှင်နှင့် ယှဉ်ပြိုင်မှုကော်မရှင်တို့၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ ရှင်းလင်းတင်ပြသည့်အခမ်းအနားကျင်းပ

           စားသုံးသူကာကွယ်ရေးဥပဒေနှင့် ယှဉ်ပြိုင်မှုဥပဒေများအရ ဖွဲ့စည်းထားရှိသော မြန်မာနိုင်ငံစားသုံးသူရေးရာကော်မရှင်နှင့် ယှဉ်ပြိုင်မှုကော်မရှင်တို့၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ ရှင်းလင်းတင်ပြသည့် အခမ်းအနားကို (၁၉-၃-၂၀၂၁) ရက်နေ့ နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ(၁)၌ ကျင်းပခဲ့ပါသည်။

          အခမ်းအနားတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက လုပ်ငန်းများဆောင်ရွက်ရာ၌ ပိုမိုအဆင်ပြေချောမွေ့စေရေးအတွက် စားသုံးသူရေးရာကော်မတီများကို တိုးချဲ့ပြင်ဆင်ဖွဲ့စည်းရန်၊ တိုင်းဒေသကြီး/ပြည်နယ် ကောင်စီများထံသို့ သွားရောက်၍ စားသုံးသူရေးရာကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းဆွေးနွေးရန်၊ စားအုန်းဆီတင်သွင်းမှုကို လျှော့ချနိုင်ရေးအတွက် ပြည်တွင်းစားသုံးမှုပုံစံများကို အဓိကထားပြောင်းလဲရန်၊ ဆီစားသုံးမှုလျှော့ချရေးအတွက် နေ့စဉ်ထုတ်သတင်းစာများ၊ သတင်း မီဒီယာများမှတစ်ဆင့် အသိပညာပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရန်နှင့် ယှဉ်ပြိုင်မှုကော်မရှင်အနေဖြင့် မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်သွားရေး ကြိုးပမ်းသွားရန်တို့ကို မှာကြားခဲ့ပါသည်။

          ထို့နောက် စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ်ရေးဥပဒေရေးဆွဲပြဌာန်းမှု၊ စားသုံးသူရေးရာကော်မရှင်နှင့် ကော်မတီများဖွဲ့စည်းထားရှိမှု၊ စားသုံးသူရေးရာဆိုင်ရာကိစ္စများ ကိုင်တွယ်ဖြေရှင်းမှုများနှင့် မြန်မာနိုင်ငံတွင် စားအုန်းဆီတင်သွင်းမှုလျှော့ချရေး ဆောင်ရွက်ထားရှိမည့် အစီအမံများအား ရှင်းလင်းတင်ပြခဲ့ပါသည်။

          ဆက်လက်၍ ကုန်သွယ်ရေးဦးစီးဌာန၊ ယှဉ်ပြိုင်မှုမူဝါဒဌာနခွဲမှ ယှဉ်ပြိုင်မှုဥပဒေ ရေးဆွဲပြဌာန်းမှု၊ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ဖွဲ့စည်းထားရှိမှု၊ ကော်မရှင်၏လုပ်ငန်းဆောင်ရွက်နေမှု၊ ပြည်တွင်း၊ ပြည်ပ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု၊ ယှဉ်ပြိုင်မှုဆိုင်ရာအမှုကိစ္စများ ကိုင်တွယ်ဖြေရှင်းမှု အခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး၍ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်။

          အဆိုပါအစည်းအဝေးသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါသည်။