အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် မူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပ
ရန်ကုန်၊ မေလ ၁၄
အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် မူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)၊ မင်္ဂလာခန်းမ၌ ကျင်းပခဲ့ သည်။
အခမ်းအနားတွင် UMFCCI ဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးသက်က အဖွင့်အမှာစကားပြော ကြားရာတွင် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ ဆောင်ရွက်လျက်ရှိပါကြောင်း၊ UMFCCI အနေဖြင့် နိုင်ငံတော်နှင့် ညီနောင်အသင်းများ၊ ပြည်တွင်း၊ ပြည်ပမိတ်ဖက်အဖွဲ့အစည်းများ၊ အသင်းဝင်များ၊ စီးပွားရေးလုပ်ငန်းကဏ္ဍနယ်ပယ်စုံမှ လုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး၊ နယ်ပယ်ကဏ္ဍစုံပါဝင်သော စီးပွားရေးဆိုင်ရာဝန်ဆောင်မှုများနှင့် အထောက်အကူပြုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အသိပညာပေးဆွေးနွေးပွဲများကိုလည်း ကျင်းပပေးလျက်ရှိပါကြောင်း၊ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ(MSMEs) ဖွံ့ဖြိုးတိုးတက်ရေးအတွက် မူပိုင်ခွင့်ဆိုင်ရာအသိပညာပေးခြင်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မူပိုင်ခွင့်ဆိုင်ရာအသိပညာများကို ဖြန့်ဝေခြင်းခြင်းအားဖြင့် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏စီးပွားရေးလုပ်ငန်းများကို မူပိုင်ခွင့်ဖြင့်အကာအကွယ်ရယူနိုင်သည့် နည်းစနစ်များကို သိရှိလာနိုင်ခြင်း၊ မိမိလုပ်ငန်း၏ အမှတ်တံဆိပ်နှင့် ဆန်းသစ်တီထွင်ဖန်တီးမှုများကို မူပိုင်ခွင့်အကာအကွယ်ရယူနိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိမည့်အပြင် တီထွင်ဖန်တီးမှုများကို အားပေးမြှင့်တင်နိုင်ခြင်းဖြင့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများပိုမိုများပြားလာစေပြီး နိုင်ငံ၏စီးပွားရေးဂေဟစနစ်ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်က နိုင်ငံတော်၏ စီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မူပိုင်ခွင့်စနစ်တစ်ရပ်ကို ဥပဒေနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ UMFCCI နှင့် ပူးပေါင်း၍ မူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ကျင်းပပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များကို အသိပညာပေးဆွေး နွေးပွဲများကျင်းပပေးခြင်းအားဖြင့် လုပ်ငန်းရှင်များမှ မူပိုင်ခွင့်အခွင့်အရေးများကို အသုံးပြု၍ မိမိတို့၏လုပ်ငန်းများပိုမိုဖွံဖြိုးတိုးတက်အောင်ဆောင်ရွက်နိုင်ခြင်း၊ ဆန်းသစ်တီထွင်ဖန်တီးမှုများအတွက် မူပိုင်ခွင့်အကာအကွယ်ရယူအသုံးပြုနိုင်ခြင်း၊ ဆန်းသစ်တီထွင်မှုမှတစ်ဆင့် ရေရှည်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ရရှိနိုင်ခြင်း၊ ပြည်တွင်း/ပြည်ပရင်းနှီးမြှုပ်နှံမှုပိုမိုတိုးတက်လာခြင်း စသည့် အကျိုးကျေးဇူးတွေကို ရရှိမည်ဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ UMFCCI ဒုတိယဥက္ကဋ္ဌနှင့် သက်ဆိုင်ရာညီနောင်အသင်းများမှ တာဝန်ရှိသူများ၊ မူပိုင်ခွင့်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းရှင်များ၊ စုစုပေါင်း(၂၀၀)ဦးခန့် တက်ရောက်ကြသည်။
ဆက်လက်၍ မူပိုင်ခွင့်ဦးစီးဌာနမှ တာဝန်ရှိသူများက အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများနှင့် မူပိုင်ခွင့်ကဏ္ဍခေါင်းစဉ်ဖြင့် လည်းကောင်း၊ စက်မှုဒီဇိုင်းမှတ်ပုံတင်လျှောက်ထားခြင်းဆိုင်ရာ သိကောင်းစရာများအားလည်းကောင်း၊ ကုန်အမှတ်တံဆိပ်မှတ်ပုံတင် လျှောက်ထားခြင်းဆိုင်ရာသိကောင်းစရာများအားလည်းကောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက်ဆွေးနွေးပွဲသို့ တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းခြင်းများအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။