MSMEs လုပ်ငန်းရှင်များအတွက် အမှတ်တံဆိပ်မှတ်ပုံတင် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးပွဲကျင်းပ

နေပြည်တော်၊  ဩဂုတ်လ ၂၉
   မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းရှင် များအား မူပိုင်ခွင့်ဆိုင်ရာအသိပညာများရရှိစေရန်အတွက် အမှတ်တံဆိပ်မှတ်ပုံတင်လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးပွဲကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်နေ့၊ နေ့လယ် ၁၃:၃၀ နာရီ အချိန်တွင် ရုံးအမှတ်(၅၂)၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌  Virtual စနစ်ဖြင့်ကျင်းပခဲ့ပြီး မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးများနှင့်တာဝန်ရှိသူများ၊ စက်မှုကြီးကြပ် ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ MSMEs လုပ်ငန်း ရှင်များ၊ စုစုပေါင်း (၇၀) ဦးခန့်တက်ရောက်ခဲ့ကြသည်။ 
   အဆိုပါဆွေးနွေးပွဲတွင် မူပိုင်ခွင့်ဦးစီးဌာန၊ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာစိမ့်သန္တာထွန်းက မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးသည် အရေးကြီးသည့်အခန်း ကဏ္ဍတစ်ရပ်ဖြစ်ပြီး မူပိုင်ခွင့်ဆိုင်ရာ အကာအကွယ်ပေးခြင်းနှင့် အသုံးပြုခြင်းတို့ကို လုပ်ငန်းရှင်များအားလုံးသိရှိစေရန်နှင့် အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံမှ MSMEs လုပ်ငန်းများ အနေဖြင့် မူပိုင်ခွင့်ဆိုင်ရာ ရပိုင်ခွင့်၊ ကာကွယ်ခွင့်တို့ကို သေချာစွာသိရှိနားလည်ရန် အရေးကြီးသည့် အတွက် ဈေးကွက်ခိုင်မာပြီး နာမည်ရပြီးသော ကုန်အမှတ်တံဆိပ်များအပေါ် ဆင်တူယိုးမှားပြုလုပ်ခြင်း၊ သုံးစွဲသူများအနေဖြင့် အရည်အသွေးမပြည့်မီသော ကုန်စည်များဝယ်ယူသုံးစွဲခြင်းမှ မလိုလားအပ်သော နစ်နာမှုများမဖြစ်ပေါ်စေရေးအတွက်ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်အား အကာအကွယ်ယူထားရန်လိုအပ်ပါကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပြီး အမှတ်တံဆိပ်မှတ်ပုံတင်လျှောက်ထားခြင်းဆိုင်ရာ သိကောင်းစရာများဖြစ်သည့် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ၊ အမှတ်တံဆိပ်မှတ်ပုံ တင်ခြင်းဆိုင်ရာလုပ်ငန်းစဉ်များ၊ အမှတ်တံဆိပ်မှတ်ပုံတင် သက်တမ်း၊ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်အခွင့်အရေးများ၊ အမှတ်တံဆိပ် မှတ်ပုံတင်ခြင်းဆိုင်ရာလျှောက်လွှာပုံစံများ၊ အမှတ်တံဆိပ်များကို မှတ်ပုံတင်ခြင်းဖြင့် ရရှိနိုင်မည့်အခွင့်အရေးများနှင့် စီးပွားရေးလုပ်ငန်းများအပေါ်အကျိုးသက်ရောက်မှုများကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ 
   ထို့နောက် တက်ရောက်လာသော စီးပွားရေးလုပ်ငန်းရှင်များကသိရှိလိုသည်များကို မေးမြန်းခြင်းများအပေါ် ဘာသာရပ်တာဝန်ခံ ညွှန်ကြားရေးမှူးက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြပြီး အသိ ပညာပေးဆွေးနွေးပွဲကို (၁၆:၀၀)နာရီတွင် ပြီးစီးခဲ့ကြောင်း သတင်းရရှိပါသည်။