“(၇၃)ကြိမ်မြောက် အာဆီယံမူပိုင်ခွင့်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းအဖွဲ့ အစည်းအဝေး” သို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် တက်ရောက်

နေပြည်တော်၊ စက်တင်ဘာလ ၂
    ဘရူနိုင်းဒါရုဆလမ်နိုင်ငံ၊ ဘန်ဒါဆီရီဘီဂါဝန်မြို့တွင် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့မှ ၅ ရက်နေ့အထိ ကျင်းပပြုလုပ်သည့် “(၇၃)ကြိမ်မြောက် အာဆီယံမူပိုင်ခွင့်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းအဖွဲ့အစည်းအဝေး (73rd ASEAN Working Group on Intellectual Property Cooperation -AWGIPC) သို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် တက်ရောက်လျက်ရှိပါသည်။
    အဆိုပါ အစည်းအဝေးတွင်  အာဆီယံဒေသတွင်း နိုင်ငံများအကြား မူပိုင်ခွင့်နှင့်စပ်လျဉ်း၍  ဖြစ်ပေါ်တိုးတက်လျက်ရှိသော ကိစ္စရပ်များ၊ မူပိုင်ခွင့်ဆိုင်ရာ သတင်းအချက်အလက်များအား ဖလှယ်ခြင်း၊  အာဆီယံမူပိုင်ခွင့်ဆိုင်ရာ အဓိကဦးစားပေး ကဏ္ဍများကို သတ်မှတ်ဖော်ထုတ်ခြင်း၊ ကနဦး လေ့လာမှုများ အပြီးသတ်ဆောင်ရွက်ခြင်း၊ ၂၀၁၆-၂၀၂၅ အာဆီယံမူပိုင်ခွင့်အခွင့်အရေးများ ဆိုင်ရာလုပ်ငန်း အစီအစဉ်များမှ လုပ်ဆောင်ရန်ကျန်ရှိသော လုပ်ငန်းများအား အကောင်အထည်ဖော်မှုအခြေအနေနှင့် ၂၀၂၅ အလွန်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များပြုစုခြင်းဆိုင်ရာကိစ္စရပ်များ စသည့်မူပိုင်ခွင့်ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးမည်ဖြစ်ပါသည်။
    ထို့အပြင် အဆိုပါအစည်းအဝေးနှင့်အတူ မူပိုင်ခွင့်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများဖြစ်ကြသည့် ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့(WIPO)၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမူပိုင်ခွင့်အဖွဲ့အစည်း(CNIPA)၊ ကိုရီးယားသမ္မတနိုင်ငံမူပိုင်ခွင့်ရုံး(KIPO)၊ အမေရိကန်ပြည်ထောင်စု တီထွင်မှုနှင့်ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ရုံး(USPTO)၊ ဂျပန်နိုင်ငံတီထွင်မှုမူပိုင်ခွင့်ရုံး (JPO)တို့နှင့် ဌာနကြီးမှူးများတွေ့ဆုံသည့် မူပိုင်ခွင့်ဆိုင်ရာအစည်းအဝေးများကိုလည်း ပူးတွဲကျင်းပလျက်ရှိပါကြောင်း သတင်း ရရှိပါသည်။