အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များအတွက် တီထွင်မှုမူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပ

နေပြည်တော်၊  စက်တင်ဘာလ ၁၉ 
   တီထွင်မှုမူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို စက်တင်ဘာလ ၁၉ ရက်နေ့၊  နံနက် ၁၀ နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန၊ ရုံးအမှတ် (၅၂)၊ အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့်ကျင်းပရာ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်က အဖွင့်အမှာစကားပြောကြားခဲ့သည်။
  အဆိုပါအသိပညာပေးဆွေးနွေးပွဲတွင် မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ အရာထမ်းကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်နှင့်ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင် များအသင်းချုပ်(UMFCCI)၊ မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း(MRCCI) အောက်ရှိ ညီနောင်အသင်းများမှ ကိုယ်စားလှယ်များ၊ စုစုပေါင်း ( ၁၀၀ ) ဦးခန့် တက်ရောက်ခဲ့ကြသည်။
   ဆွေးနွေးပွဲတွင် မူပိုင်ခွင့်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာ၌ ၂၀၁၉ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့တွင် အတည်ပြုပြဌာန်းခဲ့သည့် တီထွင်မှုမူပိုင်ခွင့်ဥပဒေသည် ၂၀၂၄ ခုနှစ်၊ မေလ ၃၁ ရက်နေ့မှာ အာဏာသက်ဝင်နိုင်ခဲ့ပြီးဖြစ်၍ တီထွင်မှုမူပိုင်ခွင့်ပိုင်ရှင်များအနေဖြင့် မိမိတို့၏တီထွင်ဖန်တီးမှုများကို တီထွင်မှုမူပိုင်ခွင့်ဥပဒေနှင့် အကာအကွယ်ရယူထားနိုင် မည်ဖြစ်ကြောင်း၊ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် တီထွင်မှု မူပိုင်ခွင့်ဥပဒေနှင့်စပ်လျဉ်းသည့် အသိပညာများသိရှိနိုင်ခြင်း၊ တီထွင်ဖန်တီးမှုများကို အကာအကွယ် ရယူနိုင်ခြင်းနှင့် တီထွင်မှုမူပိုင်ခွင့်အကာအကွယ်ရယူခြင်းဖြင့် မိမိတို့လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံ၏လိုအပ်ချက်အပေါ်မူတည်၍ စီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက် မှုအတွက် လိုအပ်သည့်နည်းပညာများကို အပြည့်အဝ ထိရောက်စွာ အသုံးပြုနိုင်ရန်နှင့် ပြည်တွင်း ထုတ်လုပ်နိုင်မှုစွမ်းအား မြှင့်တင်နိုင်ရန်အတွက်အသေးစားတီထွင်မှုမူပိုင်ခွင့်ကို အကာအကွယ် ပေးခြင်းနှင့်စပ်လျဉ်း၍ တီထွင်မှုမူပိုင်ခွင့်ဥပဒေတွင် ထည့်သွင်းဖော်ပြထားပြီးဖြစ်ရာ နိုင်ငံအတွက်အသုံးချနိုင်ပါက တိုင်းပြည်နှင့် ပြည်သူလူထုအတွက် အကျိုးကျေးဇူးများစွာရရှိမည် ဖြစ်ပါကြောင်း၊ တီထွင်ဖန်တီးသူလက်ရာရှင်များနှင့် ပြည်သူများအား တီထွင်မှုမူပိုင်ခွင့်ဆိုင်ရာအသိပညာဗဟုသုတများ ရရှိစေရေးအတွက်ရည်ရွယ်၍ အသိပညာပေးဆွေးနွေးပွဲများကို ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
   ဆက်လက်၍ တီထွင်မှုမူပိုင်ခွင့်ဌာနခွဲမှ ဘာသာရပ်တာဝန်ခံ ညွှန်ကြားရေးမှူး ဒေါက်တာ ပွင့်ဖြိုးဝင်းက တီထွင်မှုမူပိုင်ခွင့်ဥပဒေ၊ တီထွင်မှုမူပိုင်ခွင့်ဆိုင်ရာ သိကောင်းစရာများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ အသိပညာပေးဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများက သိရှိလိုသည် များကို မေးမြန်းခြင်းများအပေါ် ဘာသာရပ်တာဝန်ခံ ညွှန်ကြားရေးမှူးက ပြန်လည်ရှင်းလင်းဖြေကြား ခဲ့ပြီး ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။