မူပိုင်ခွင့်ဦးစီးဌာန၏ မူပိုင်ခွင့်ဆိုင်ရာလုပ်ငန်းဆောင်ရွက်ချက်များကို Naypyitaw State Academy မှ ဥပဒေအထူးပြု ကျောင်းသား/သူများ လုပ်ငန်းခွင်လက်တွေ့လေ့လာခြင်း

နေပြည်တော်၊ အောက်တိုဘာလ ၁၄
   ပညာရေးဝန်ကြီးဌာနအောက်ရှိ Naypyitaw State Academy ဥပဒေပညာဌာနမှ ဥပဒေ ပညာအထူးပြု ကျောင်းသား/သူ (၁၀) ဦးသည် ဥပဒေဘာသာရပ်အား စာတွေ့နှင့်လက်တွေ့ ပေါင်းစပ်လေ့လာနိုင်ရန်အတွက် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနသို့ ၇-၁၀-၂၀၂၄ ရက်နေ့မှ ၁၃-၁၁-၂၀၂၄ ရက်နေ့အထိ ရက်သတ္တပတ် ၆ ပတ် လုပ်ငန်းခွင် လက်တွေ့ကွင်းဆင်းလေ့လာရေး (Internship) လာရောက်လေ့လာခဲ့ကြရာ မူပိုင်ခွင့် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်က တွေ့ဆုံအမှာစကားပြောကြားခဲ့သည်။
   မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က  လုပ်ငန်းခွင်လက်တွေ့ကွင်းဆင်းလေ့လာသူများ အား အမှာစကားပြောကြားရာ၌ မူပိုင်ခွင့်ဦးစီးဌာနအနေဖြင့် မူပိုင်ခွင့်ဥပဒေ (၄)ရပ်ဖြစ်သည့် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ၊ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေနှင့် တီထွင်မှုမူပိုင်ခွင့်ဥပဒေများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊  အဆိုပါ မူပိုင်ခွင့် ဥပဒေများသည် ဥပဒေပညာလေ့လာသူ တစ်ဦးအနေဖြင့်သာမက လူတိုင်း လေ့လာသိရှိနားလည်ထားသင့်သည့် ဥပဒေများဖြစ်ပါကြောင်း၊ တက္ကသိုလ်တွင် ဥပဒေဘာသာရပ်၏ အခြေခံ သဘောတရား များကို သင်ကြားပေးခဲ့သော်လည်း ရှေ့ဆက်သွားမည့် အနာဂတ်တွင် စိန်ခေါ်မှုများ များစွာရှိသည့်အတွက် မိမိရွေးချယ်သည့် ဘာသာရပ်အပေါ်တွင် စနစ်တကျထဲထဲဝင်ဝင်လေ့လာစေလိုပါကြောင်း၊ မြန်မာနိုင်ငံတွင် မူပိုင်ခွင့်ပညာရှင်များနှင့် မူပိုင်ခွင့်ဆိုင်ရာအဖွဲ့အစည်းများ များစွာလိုအပ် လျက်ရှိ သည့်အတွက်  ယခုလုပ်ငန်းခွင်လေ့လာရေး (Internship) တွင် မူပိုင်ခွင့်ဆိုင်ရာ သင်ကြားမှုများနှင့် လက်တွေ့လေ့လာခြင်းများကို အကျိုးရှိစွာ အသုံးချသွားစေလိုပါကြောင်း ပြောကြားခဲ့သည်။
   လုပ်ငန်းခွင်လက်တွေ့လေ့လာရေး (Internship)တွင် ဌာနခွဲများ၏ ဆောင်ရွက်မှုအခြေအနေအား သိရှိရန်အတွက် ဌာနခွဲအလိုက် သင်တန်းပို့ချခြင်းနှင့် လုပ်ငန်းခွင်လက်တွေ့လေ့လာခြင်းများကို ဆောင်ရွက်စေခဲ့ပြီး၊ ဌာနခွဲအလိုက် သင်တန်းပို့ချခြင်းများကို ၇-၁၀-၂၀၂၄ ရက်နေ့မှ ၁၁-၁၀-၂၀၂၄ ရက်နေ့အထိ မူပိုင်ခွင့်ဦးစီးဌာန၏ စီမံရေးရာဌာနခွဲ၊ မူဝါဒနှင့်စီမံကိန်းဌာနခွဲ၊ ဘဏ္ဍာရေးဌာနခွဲ၊ အေဂျင်စီရေးရာဌာနခွဲ၊ ဥပဒေနှင့်ကြားနာဖျန်ဖြေရေးဌာနခွဲ၊ အိုင်တီဌာနခွဲ၊ နိုင်ငံတကာနှင့်လူထု ဆက်ဆံရေးဌာနခွဲ၊ စာပေနှင့်အနုပညာမူပိုင်ခွင့်ဌာနခွဲ၊ တီထွင်မှုမူပိုင်ခွင့်ဌာနခွဲ၊ စက်မှုဒီဇိုင်းမူပိုင်ခွင့် ဌာနခွဲနှင့်ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဌာနခွဲမှ တာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး ဌာနခွဲများ၏ လုပ်ငန်းတာဝန် အကောင်အထည်ဖော်မှုများနှင့်စပ်လျဉ်း၍ ကျောင်းသား/သူများမှ သိရှိလိုသည်များ မေးမြန်းခဲ့ကြသည်။
   ထို့နောက် လုပ်ငန်းခွင်လက်တွေ့လေ့လာခြင်းအနေဖြင့် တီထွင်မှုမူပိုင်ခွင့်ဌာနခွဲနှင့် ဥပဒေနှင့်ကြားနာဖျန်ဖြေရေးဌာနခွဲများသို့ (၁၀)ရက်စီ အဖွဲ့(၂)ဖွဲ့ခွဲ၍ အထူးပြုလေ့လာစေသည့်အပြင် ကျန်ဌာနခွဲများသို့ အဖွဲ့လိုက်လေ့လာမှုများကို လက်တွေ့လုပ်ဆောင်စေခဲ့ပါကြောင်း သတင်းရရှိသည်။