သုတေသနပြုလုပ်သူများနှင့် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းရှင်များအတွက် မူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပ
နေပြည်တော်၊ ဇန်နဝါရီလ ၃၁ ရက်
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနနှင့် သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနတို့ ပူးပေါင်း၍ သုတေသနပြုလုပ်သူများနှင့် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းရှင်များအတွက် မူပိုင်ခွင့် ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲ ကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့နံနက်ပိုင်း၌ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်ရှိ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနတွင် ကျင်းပခဲ့သည်။
အဆိုပါအသိပညာပေးဆွေးနွေးပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မူပိုင်ခွင့် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဖြူဖြူဝင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် နိုင်ငံအကျိုးပြု သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာသုတေသနလုပ် ငန်းများကို အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းရှင်များ၏ နည်းပညာလိုအပ်ချက်များ ပံ့ပိုး ပေးရန် နှစ်စဉ်သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ MSME များသို့ နည်းပညာလွှဲပြောင်းပေးခြင်း၊ ဖြန့်ဝေခြင်းနှင့်အကြံပေးခြင်းများကို ဆောင်ရွက်ပေးခြင်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ပါသည်။ မြန်မာ နိုင်ငံတွင် မူပိုင်ခွင့်ဥပဒေများ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းအားဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု များ ပိုမိုရရှိနိုင်ခြင်း၊ လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်နိုင်ခြင်း၊ အလုပ်အကိုင်အခွင့် အလမ်းသစ်များ ပေါ်ပေါက်လာနိုင်ခြင်း၊ အဆင့်မြင့်နည်းပညာများကို လွှဲပြောင်းရယူနိုင်ခြင်းဖြင့် ကုန်ထုတ်လုပ်မှု မြင့်မားတိုးတက်လာနိုင်ခြင်း၊ တီထွင်ဖန်တီးသူများနှင့် သုံးစွဲသူများအကြား အကျိုးအမြတ်များကို မျှတစွာ ခံစားစေနိုင်ခြင်းများစသည့် အကျိုးကျေးဇူးများစွာ ရရှိနိုင်မည်ဖြစ်ပါကြောင်း ဆွေးနွေးခဲ့ကြ သည်။
ဆက်လက်၍ ဆွေးနွေးပွဲတွင် မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်က ဆွေးနွေးဟောပြောရာ၌ တီထွင်ဖန်တီးမှုများကို မူပိုင်ခွင့်ဥပဒေများအရ အကာအကွယ်ပေးခြင်းအား ဖြင့် တီထွင်ဖန်တီးမှုများကို ပိုမိုမြှင့်တင်နိုင်မည်ဖြစ်ပါကြောင်း၊ တီထွင်ဖန်တီးမှုများ၊ နည်းပညာများ ဖွံ့ဖြိုး တိုးတက်သည့်နိုင်ငံများသည် ကမ္ဘာပေါ်တွင် ရှေ့တန်းမှ ဦးဆောင်သည့်နိုင်ငံများအဖြစ် ရပ်တည်လျက် ရှိပါကြောင်း၊ တီထွင်မှုများနှင့်ဆက်စပ်လျက်ရှိသော တီထွင်ဆန်းသစ်မှု အထောက်အကူပြုစင်တာ (တက္ကသိုလ်၊ ကောလိပ်၊ သုတေသနစင်တာ)များသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လွန်စွာမှ အရေး ပါသကဲ့သို့ သုတေသနဌာနများနှင့်ချိတ်ဆက်၍ အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းရှင်များကလည်း တီထွင်ဖန်တီးမှုများကို အကောင်အထည်ဖော်နိုင်ခြင်းအားဖြင့် တီထွင်မှုမူပိုင်ခွင့်စနစ်များအား ပိုမို ထိရောက်အောင် ဆောင်ရွက်လာနိုင်မည်ဖြစ်ပါကြောင်း တီထွင်မှုမူပိုင်ခွင့်စနစ်ကို သိရှိအသုံးချနိုင်ခြင်းအားဖြင့် တီထွင်ဖန်တီးမှုအသစ်များ၊ နည်းပညာအသစ်များ များစွာပေါ်ထွန်းလာနိုင်ပြီး မိမိတို့၏ သုတေသနနှင့် တီထွင်ဖန်တီးမှုများတွင် လက်တွေ့အသုံးချခြင်းအားဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါ ကြောင်းနှင့် တီထွင်မှုမူပိုင်ခွင့်လျှောက်ထားခြင်းအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းခြင်းများအပေါ် သက်ဆိုင်ရာဘာသာရပ်တာဝန်ခံက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။