စာပေနှင့်အနုပညာမူပိုင်ခွင့်နှင့် စုပေါင်းစီမံခန့်ခွဲသည့်အဖွဲ့အစည်းများဖွဲ့စည်းခြင်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပ

နေပြည်တော်၊ ဇန်နဝါရီ ၃၁ ရက်
စာပေနှင့်အနုပညာမူပိုင်ခွင့်နှင့် စုပေါင်းစီမံခန့်ခွဲသည့်အဖွဲ့အစည်းများ ဖွဲ့စည်းခြင်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့နေ့လယ် ၁ နာရီ၌ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်ရှိ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနတွင် ကျင်းပခဲ့ရာ မူပိုင်ခွင့် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်က အဖွင့်အမှာစကားပြောကြားခဲ့သည်။
အဆိုပါအသိပညာပေးဆွေးနွေးပွဲသို့ မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ စာပေအနုပညာဖန်တီးသူများ၊ မူပိုင်ခွင့်ပိုင်ရှင်များ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံဂီတအစည်းအရုံး၊ မြန်မာနိုင်ငံသဘင်အစည်းအရုံး၊ မြန်မာနိုင်ငံစာရေးဆရာအသင်း၊  မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့်ဖြန့်ချိသူများအသင်း၊ စာပေနှင့် အနုပညာဆိုင်ရာအဖွဲ့အစည်းများနှင့် ဖိတ်ကြားထားသော ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင်  မူပိုင်ခွင့် ဦးစီးဌာနအနေဖြင့် မူပိုင်ခွင့်ဥပဒေများ ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လည်းကောင်း၊ စာပေနှင့်အနုပညာမူပိုင်ခွင့်ပိုင်ရှင်များရရှိနိုင်သည့် အခွင့်အရေးများကို သိရှိနိုင်ရန် အတွက်လည်းကောင်း၊ အဆိုပါ အခွင့်အရေးများကို စီမံဆောင်ရွက်ရာတွင် စုပေါင်းစီမံခန့်ခွဲသည့်အဖွဲ့ အစည်းများ၏ အခန်းကဏ္ဍကို သိရှိနိုင်ရန်အတွက်လည်းကောင်း၊ မူပိုင်ခွင့်အခွင့်အရေးများကို ထိရောက်စွာ အကာအကွယ်ပေးနိုင်ရေးအတွက်လည်းကောင်း အသိပညာပေးဆွေးနွေးပွဲများ ကျင်းပပြုလျက်ရှိပါကြောင်း၊ အစိုးရဌာနများမှ အဖွဲ့အစည်းများ၊ တိုင်းဒေသကြီး၊ ပြည်နယ်များအတွင်းရှိ တက္ကသိုလ် များနှင့် ကောလိပ်များသို့  စာပေနှင့်အနုပညာမူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲများ ကျင်းပ ပြုလုပ်ခဲ့ပါကြောင်း၊ စာပေနှင့် အနုပညာမူပိုင်ခွင့်ဥပဒေကို ၂၀၁၉ ခုနှစ်၊ မေလ ၂၄ ရက်နေ့တွင် အတည်ပြုပြဋ္ဌာန်းခဲ့ပြီး၊ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့တွင် အာဏာသက်ဝင်ခဲ့ပြီးဖြစ်ပါ ကြောင်း၊ အဆိုပါ ဥပဒေကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက်  လိုအပ်သော နည်းဥပဒေ များ၊ အမိန့်ကြော်ငြာစာများကိုလည်း ထုတ်ပြန်ခဲ့ပြီးဖြစ်ပါကြောင်းပြောကြားခဲ့သည်။
ဆက်လက်၍ စာပေနှင့်အနုပညာမူပိုင်ခွင့် မှတ်ပုံတင်လျှောက်ထားခြင်းများကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၉ ရက်နေ့မှစတင်၍ လက်ခံဆောင်ရွက်ခဲ့ပါကြောင်း၊ စာပေနှင့်အနုပညာမူပိုင်ခွင့် သို့မဟုတ် ဆက်နွှယ်သည့်အခွင့်အရေးဆိုင်ရာ စုပေါင်းစီမံခန့်ခွဲသည့် အဖွဲ့အစည်း ဖွဲ့စည်းခြင်းဆိုင်ရာစည်းမျဉ်းများ နှင့် စုပေါင်းစီမံခန့်ခွဲသည့်အဖွဲ့အစည်း ဖွဲ့စည်းဆောင်ရွက်ရန် လျှောက်ထားခြင်းအတွက် လိုအပ်သော လျှောက်လွှာပုံစံများကိုလည်း ထုတ်ပြန်ခဲ့ပြီးဖြစ်ပါကြောင်း၊ စုပေါင်းစီမံခန့်ခွဲသည့်အဖွဲ့အစည်း ဖွဲ့စည်း ဆောင်ရွက်ရန် လျှောက်ထားခြင်းအတွက် ပေးသွင်းရမည့် အခကြေးငွေများ သတ်မှတ်သည့် အမိန့်ကြော်ငြာစာကိုလည်း မကြာမီထုတ်ပြန်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်းပြောကြား ခဲ့သည်။
ထို့နောက် မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာနွယ်ရီဝင်းက စာပေနှင့်အနုပညာ မူပိုင်ခွင့်ဆိုင်ရာသိကောင်းစရာများနှင့် စာပေနှင့်အနုပညာလက်ရာများမှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်း၍ လည်းကောင်း၊ စာပေနှင့်အနုပညာမူပိုင်ခွင့် သို့မဟုတ် ဆက်နွှယ်သည့် အခွင့်အရေးဆိုင်ရာစုပေါင်းစီမံ ခန့်ခွဲသည့် အဖွဲ့အစည်းများဖွဲ့စည်းခြင်းဆိုင်ရာ သိကောင်းစရာများနှင့်စပ်လျဉ်း၍လည်းကောင်း ရှင်းလင်း ဟောပြောခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲသို့ စာပေနှင့်အနုပညာဖန်တီးသူများ၊ မူပိုင်ခွင့်ပိုင်ရှင်များ၊ စာပေနှင့်အနုပညာအဖွဲ့အစည်းများ စုစုပေါင်း (၁၀၀) ဦးခန့်တက်ရောက်ခဲ့ပြီး၊ တက်ရောက်လာသူ များက သိရှိလိုသည်များအား မေးမြန်းခြင်းအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးကာ ဟောပြော ဆွေးနွေးပွဲ ကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။