အချိုရည်သောက်သုံးမှုနဲ့ ရာသီချိန်စောဖြစ်ပွားခြင်းဆက်နွယ်မှုရှိကြောင်း သုတေသီများလေ့လာဖော်ထုတ်
အသစ်ထုတ်ဝေလိုက်သော Human Reproduction ဂျာနယ်မှာ အချိုရည်အများအပြားသောက်သုံးသော မိန်းကလေးငယ်များ ရာသီချိန် စောဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင်အသက်အရွယ်ကြီးမြင့်လာတဲ့အခါ ရင်သား ကင်ဆာ ဖြစ်ပွားစေနိုင်တယ်လို့လည်း ဖော်ပြထားပါတယ်။ သူတို့ရဲ့ သုတေသနပြုလေ့လာမှုကို လွန်ခဲ့တဲ့နှစ် ၅၀ ကျော်ကပင် လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။အမေရိကန်မိန်းကလေးငယ်များမှာ ပုံမှန်အားဖြင့် ၁၉၉၀ ခုနှစ်များမှာ အသက် ၁၄ နှစ်အရွယ်ကျမှ ရာသီ ပေါ်သော်လည်း ယခုအခါ အသက် ၁၂ နှစ်အရွယ်ကစပြီး စတင်ရာသီပေါ်နေကြောင်း၊ ယခင်လေ့လာချက်များ အရ ဝ သော မိန်းကလေးများရာသီပေါ်တာ စောတယ်လို့သာတွေ့ရှိခဲ့ရကြောင်း သတင်းမှာဖော်ပြထားပါ တယ်။ ဒါပေမဲ့ အချိုရည်သောက်သုံးခြင်းနဲ့ ရာသီစောပေါ်ခြင်းရဲ့ ဆက်စပ်မှုများကိုတော့ ဖော်ထုတ်နိုင်ခဲ့မှုမရှိပါ။ Harvard Medical School နဲ့ The Harvard School of Public Health ဟာ ၁၉၉၆ ခုနှစ်မှ ၂၀ဝ၁ ခု အတွင်းမှာ အသက် ၉ နှစ်မှ ၁၄ နှစ် အရွယ်ရှိ အချိုရည်သောက်သုံးတဲ့ မိန်းကလေးငယ် ၅၅၀ဝ ဦးကို လေ့လာမှု ပြုခဲ့တာဖြစ်ပါတယ်။ အဆိုပါ လေ့လာမှုအတွက် အချက်အလက်ကောက်ခံမှုကို ကာလရှည်နိုင်ငံအနှံ့ရှိ ဆယ်ကျော်သက် ၁၇၀ဝ၀ ကိုလေ့လာထားတာဖြစ်ပြီး လေ့လာမှုပရိုဂျက်ကို (Growing Up Today Study) ယနေ့ကြီးထွားမှုနှုန်းလေ့လာချက်လို့ အမည်ပေးထား ပါတယ်။ လေ့လာမှုမှာ အသုံးပြုတဲ့ မိန်းကလေးငယ် ၅၅၀ဝ လုံးဟာ စတင်လေ့လာချိန်မှာ တစ်ဦးတစ်ယောက်မှ အပျိုဖော်ဝင်ခြင်း မရှိသေးပါဘူး၊ လေ့လာမှုပြုလုပ်စဉ် အတွင်းမှာ မိန်းကလေးငယ်များဟာ မေးခွန်းများကို မှန်မှန်ဖြေဆိုပေးသွားဖို့တော့လိုပါတယ်။ မေးခွန်းတွေ ကတော့- စားသောက်မှုအလေ့အကျင့်၊ အလေးချိန်၊ အရပ်အမြင့်နဲ့ ကာယပိုင်းဆိုင်ရာလှုပ်ရှားမှုအပါအဝင် ရာသီစပေါ်ချိန်များကို ဖြေဆိုပေးရတာဖြစ်ပါတယ်။ လေ့လာချက်များအရ တစ်နေ့ကိုအချိုရည် ၁ ခွက်ခွဲကျော်သောက်သုံးသူများဟာ ၁ ပတ်ကို ၂ ခွက် အောက်သောက်သုံးသူများထက် ၂ လခွဲကျော် ရာသီစောပေါ်တာကို လေ့လာတွေ့ရှိခဲ့ရပါတယ်။ လေ့လာသုံးသပ်ချက်အရ လူမျိုးစု၊ ဒေသ၊ ခန္ဓာကိုယ်အနေအထား၊ အရပ်အမြင့်၊ ကာယလှုပ်ရှားမှု၊ မွေးဖွားစဉ်က ခန္ဓာကိုယ်အလေးချိန် စတာတွေဟာလည်း ရာသီ စပေါ်တဲ့အချိန်အပေါ်သက်ရောက်လို့ ဖော်ထုတ် ထားပါတယ်။ အချိုကဲတဲ့ အချိုရည်အများအပြားသောက်သုံးသော မိန်းကလေးငယ်များသည် အခြား မိန်းကလေးငယ်များထက် လအနည်းငယ်စောပြီး အသက် ၁၂ နှစ် ၈ လအရွယ်ခန့်မှာ ရာသီစပေါ်တယ်လို့လည်း လေ့လာချက်များအရ သိရှိရပါတယ်။
ရှင်ပါဂူ