ကုန်သွယ်မှုလုပ်ငန်းများအား တရားဝင်လမ်းကြောင်းပေါ်မှ မှန်မှန်ကန်ကန် ဆောင်ရွက်သွားရန်လိုအပ်

 

    ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလအတွက် ကုန်သွယ်မှုမြှင့်တင်ရေး အစည်းအဝေးအား ကူးသန်းရောင်းဝယ်ရေး နှင့်စားသုံးသူရေးရာ ဦးစီးဌာန(တမူး) အစည်းအဝေးခန်းမတွင် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ  ၂၆ ရက်နေ့ ၁၀းဝ၀ နာရီမှ ၁၁း၄၅ နာရီထိ ကျင်းပဆောင်ရွက်ခဲ့ရာ အစည်းအဝေးသို့ ခရိုင်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ၊ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန(တမူး) OSSဌာန တာဝန်ခံများ၊ FDA ရုံးခွဲ၊ အပင်ပိုးမွှား၊ ကလေး-တမူး-ကလေးဝ နယ်စပ်ကုန်သွယ်ရေး ကုန်သည်ကြီးများ အသင်းဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များ၊ ကုမ္ပဏီလုပ်ငန်းရှင်များ၊ ITC လုပ်ငန်းရှင်များ၊ သယ်ယူပို့ဆောင်ရေးမော်တော်ယာဉ်လိုင်းဂိတ်တာဝန်ခံများ အပါအဝင်စုစုပေါင်း (၃၉)ဦးတက်ရောက်ခဲ့ကြပါသည်။

  ကုန်သွယ်မှုမြှင့်တင်ရေး အစည်းအဝေးတွင် ဆွေးနွေးကြရာ၌ တမူးနယ်စပ် ကုန်သွယ်ရေးစခန်း၏ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ဖေဖော်ဝါရီလ၏ ကုန်သွယ်မှု လျာထားချက်၂ ဒသမ ၈၃၉ ဒေါ်လာသန်းဖြစ်ပြီး ဖေဖော်ဝါရီလ ၁ရက်မှ ၂၅ ရက်နေ့ထိ ၃ ဒသမ ဝ၈၈ဒေါ်လာ သန်းဖြစ်၍ လျာထားချက်အပေါ် ၁၀၈ ဒသမ ၇၇ရာခိုင်နှုန်း ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်သော်လည်း အနီးစပ်ဆုံး ဇန်နဝါရီလတွင် ၃ ဒသမ ၆၄၁ ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့သဖြင့် အနီးစပ်ဆုံး ဇန်နဝါရီလ၏ ဆောင်ရွက်နိုင်မှု ပမာဏအထိ ရောက်ရှိအောင်ဝိုင်းဝန်း ကြိုး ပမ်းဆောင်ရွက်ရန် ပို့ကုန်ပစ္စည်းများ မိမိဘက်တွင် ဈေးကွက်ဖြစ်ပေါ်ရေး၊ ဈေးကွက်အသာစီး ရရှိရေး၊ကြိုက်ဈေးဖြင့် ထိန်းချုပ်ရောင်းချနိုင်ရေး အတွက်ဂိတ်(၁)အနီးရှိ ယာယီသိုလှောင်ရုံ များနေရာတွင် ကုန်စည်ဒိုင်ဖွင့်လှစ်ရောင်းချနိုင်ရေး စီစဉ်ဆောင်ရွက်ထားရန်နှင့် ကုန်သွယ်လုပ်ငန်းများအား တရားဝင်လမ်းကြောင်းပေါ်မှ မှန်မှန်ကန်ကန်ဆောင်ရွက်သွားရန် အချက်များကို ထည့်သွင်းဆွေးနွေးခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။

                            

                                                                                       နေထက်မင်း(တမူး)