ဩဂဲနစ်သဘာဝဓါတ်မြေဩဇာဖြင့်စိုက်ပျိုးသည့်တစ်သျှူးငှက်ပျောများအရည်အသွေး ဆက်လက်ထိန်းသိမ်းထားရန်လိုအပ်

 

          ကန်ပိုက်တီးနယ်စပ်ကုန်သွယ်ရေးစခန်းမှ အဓိကပို့ကုန်များမှာ တစ်သျှူးငှက်ပျော၊ အစေ့ထုတ်ပြောင်းနဲ့ ဆန်တို့ဖြစ်ပါတယ်။ လာမဲ့မတ်လတွင် ဆောင်းပြောင်းများစတင်တင်ပို့နိုင်တော့မှာဖြစ်ကြောင်း၊ လက်ရှိ ကန်ပိုက်တီးနယ်စပ်စခန်းအတွက် တရုတ်နိုင်ငံမှ အစေ့ထုတ်ပြောင်း တန်ချိန် ၅၀ဝ၀ အား Quota ခွင့်ပြုချက် ရရှိထားပြီး ကချင်ပြည်နယ်နယ်စပ်ကုန်သည်ကြီးများအသင်းနဲ့ တစ်ဖက်တရုတ်ကုန်သည်တို့ တရားဝင်တင်ပို့ နိုင်ရေး သဘောတူညီမှု ရရှိထားပြီးဖြစ်ကြောင်း၊ ပြောင်းတင်ပို့မဲ့ကုန်သည်လုပ်ငန်းရှင်များ မိမိတို့ တင်ပို့မဲ့ အစေ့ထုတ်ပြောင်းများတင်ပို့ရန် အခက်အခဲရှိပါက ကချင်ပြည်နယ်ကုန်သည်ကြီးများအသင်းနဲ့ ချိတ်ဆက်၍ တင်ပို့နိုင်ရေးဆောင်ရွက်ပေး မည်ဖြစ်ကြောင်း ကန်ပိုက်တီး နယ်စပ်ကုန်သွယ်ရေးစခန်း ရဲ့ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ ပြုလုပ်တဲ့ကုန်သွယ်မှုမြှင့်တင်ရေးအစည်းအဝေးမှာ စခန်းတာဝန်ခံဦးဇော်ဝမ်း (လက်ထောက်ညွှန်ကြားရေးမှူး)က ပြောကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။

          ဆက်လက်ပြီး စခန်းတာဝန်ခံမှ အဓိကပို့ကုန်တစ်သျှူးငှက်ပျောကိုလည်း တရုတ်နိုင်ငံမှဘိန်းအစားထိုး သီးနှံအဖြစ်ဝယ်ယူခြင်းဖြစ်ပြီး၊ ဩဂဲနစ်သဘာဝဓါတ်မြေဩဇာနဲ့ စိုက်ပျိုးထားခြင်းဖြစ်ရာ တရုတ်နိုင်ငံမှ ထွက်သမျှ ဝယ်ယူမှုရှိနေသည်ကို တွေ့ရှိရကြောင်း၊ ဒါကြောင့် ရရှိပြီးဈေးကွက်နဲ့ ပို့ကုန်အရည်အသွေးမကျဆင်းရေးအတွက်  အရည်အသွေးကို ဆက်လက်ထိန်းသိမ်းထားပြီး Chemical များပါဝင်သည့် ဓါတ်မြေဩဇာများ မသုံးကြစေ လိုကြောင်း၊ ငှက်ပျောစိုက်လုပ်ငန်းရှင်များအား အသိပညာပေးဆောင်ရွက် သွားရန် လိုကြောင်း၊ လက်ရှိတွင် ဝိုင်းမော်မြို့နယ်အတွင်း စိုက်ဧကပေါင်း ၆၀ဝဝ  ကျော် စိုက်ပျိုးထားရှိပြီး နှစ်စဉ်လည်း တစ်နှစ်ထက်တစ်နှစ် တိုးတက်စိုက်ပျိုးနေသည်ကို တွေ့ရှိရကြောင်း၊ တစ်သျှူးငှက်ပျောပို့ကုန်များ အောင်မြင်သကဲ့သို့ အစေ့ ထုတ်ပြောင်း ကိုလည်း တစ်ဖက်နိုင်ငံမှ ကြိုက်နှစ် သက်အောင် အရည်အသွေးကောင်းမွန်အောင် ကြိုစားဆောင်ရွက်ပြီး  ပို့ကုန် တိုးတက်ရေးကြိုးစားကြစေ လိုကြောင်း ပြောကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။

                                                         ယဉ်ယဉ်အေး MIRT (DCCA)