မကွေးတိုင်းဒေသကြီး၊ ဦးစီးမှူးရုံးမှ မကွေးမြို့ ကန်သာဈေးကြီးတွင် စားသုံးသူအကာအကွယ်ပေးရေးအသိပညာပေးဟောပြောပွဲကျင်းပ

 

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ဦးဆောင်မှု၊ ရုံးချုပ်နေပြည်တော်၏ညွှန်ကြားချက် များနှင့်အညီ တိုင်းဒေသကြီး အတွင်းရှိ ကျောင်းများ ဈေးများတွင် စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲများကို အပတ်စဉ် ကျင်းပလျက်ရှိရာ ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ နံနက်ပိုင်း က မကွေးမြို့ ကန်သာရပ်ကွက် ကန်သာဈေးကြီးတွင် စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ အသိပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပခဲ့ပါသည်။

          အဆိုပါ ဟောပြောဆွေးနွေးပွဲ သို့ ဈေးသူဈေးသား ၅၃ ဦး၊ ဈေးကော်မတီဝင် ၈ ဦး၊ မြို့နယ်စည်ပင်သာယာ မှ ဝန်ထမ်း ၃ ဦး၊ စားသုံးသူရေးရာဌာန မှ ဝန်ထမ်း ၆ ဦး စုစုပေါင်း ၇၀ ဦး တက်ရောက်ခဲ့ပါသည်။ အဆိုပါ စားသုံးသူ အကာအကွယ်ပေးရေးဆိုင်ရာ ဆွေးနွေးဟောပြောပွဲတွင် တိုင်းဒေသကြီးဦးစီးမှူး ဦးဝမ်းမောင်က စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ ဌာန ဖြစ်ပေါ်လာပုံ နှင့် သမိုင်းအကျဉ်း၊ စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာဌာန၏ လုပ်ငန်းနှင့်တာဝန်များ၊ စားသုံးသူ အကာအကွယ် ပေးရေးဆိုင်ရာ ဥပဒေများ စသည့် သိမှတ်ဖွယ်ရာများ ဆွေးနွေးပြီးနောက် ဓာတုဆေးဝါးအကူအညီများ နှင့် ထုတ်လုပ်ရောင်းချလျက်ရှိသော ပဲဆီအတု၊ နှမ်းဆီအတု၊ နို့မှုန့်၊ ပဲမှုန့်၊ ငရုတ်သီးမှုန့်၊ နနွင်းမှုန့်အတုများအကြောင်း၊ အရောင်ဆိုးဆေးများ အသုံးပြုထားသော မျှစ်၊ ငရုပ်သီးမှုန့်၊ ငပိများအကြောင်း၊ ကလေးငယ်များကို ဆွဲဆောင်လျက်ရှိသော မုန့်ပဲသရေစာများနှင့် အချိုရည်များ၏ အန္တရာယ်သိကောင်းစရာများအကြောင်း၊ ဟင်းသီးဟင်းရွက် သစ်သီးဝလံများတွင် အသုံးပြုလျက်ရှိသော ဓာတုဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေး တို့၏ အန္တရာယ်ရှိပုံ အကြောင်းနှင့် အဆိုပါ အစားအသောက်များ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊စားသောက်ခြင်းတို့ကို ဆောင်ရွက်ရာတွင် အသေအချာစစ်ဆေးပြီးမှ သတိပြုဝယ်ယူစားသုံးရန်တို့ကို ဆွေးနွေးပြီး မကွေးတိုင်းဒေသကြီး အတွင်းတွင် စားသုံးသူ အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ ဖွဲ့စီးပြီးဖြစ်ကြောင်း၊ ၎င်းအောက်တွင် စားသုံးသူတိုင်ကြားမှု လက်ခံဆောင်ရွက်ရေးကော်မတီနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှု ဆိုင်ရာ လုပ်ငန်းကော်မတီအဖွဲ့များ ဖွဲ့စည်းလျက်ရှိကြောင်း တို့ကို ဆွေးနွေးဟောပြောခဲ့ပါသည်။

          ထို့နောက် တိုင်းဒေသကြီးဦးစီးမှူးနှင့်အဖွဲ့သည် ကန်သာဈေးအတွင်းရှိ ဆိုင်ခန်းပေါင်း ၂၉၄ ခန်း၊ ပျံကျဈေးသည် (၁၅၀ဝ)ခန့်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဟင်းသီးဟင်းရွက်ရောင်းချလျက် ရှိသော ပျံကျဈေးတန်း၊ သားငါးဈေးတန်း၊ ငါးခြောက်ဆိုင်များ၊ အချိုရည်နှင့်မုန့်များ ရောင်းချလျက်ရှိသော မုန့်ဆိုင်တန်းတို့တွင် အရောင်ဆိုးဆေးများ၊ ယင်သတ်ဆေးများ၊ ပိုးသတ်ဆေးများကို အစားအသောက် များတွင် အသုံးပြုကြသည့်အတွက် ရောဂါများဖြစ်ပွားကြပုံ၊ အန္တရာယ်ကြီးမားပုံတို့ကို ရှင်းပြပြီး လက်ကမ်းစာစောင်များ၊ ပိုစတာများ ဝေငှခဲ့ကြောင်း သတင်းရရှိပါသည်။

                                                                                                                                                     ဝင်းထွန်း(စားသုံးသူ)