လမ်းဘေးတောအုပ်အတွင်း တရားမဝင်သစ်များတင်ဆောင်ထားတဲ့ (၆)ဘီးတပ် မော်တော်ယာဉ်များအား သိမ်းဆည်းရမိ
တရားမဝင်သစ်များ မိုင်းဖြတ်မှ ဖြတ်သန်းသယ်ဆောင်မဲ့ သတင်းရရှိတဲ့အတွက် တာချီလိတ် နယ်စပ်ကုန်သွယ်ရေးစခန်း၊ ကျိုင်းတုံနယ်စပ်ကုန်သွယ်ရေးစခန်းတို့ ပူးပေါင်း၍ တောထဲတွင် ခိုအောင်းနေသော တရားမဝင်သစ်တင်ယာဉ်များအား တားဆီးရန် ဆောင်ရွက်ခဲ့ကြတယ်လို့သိရပါတယ်။
တားဆီးမဲ့ Mobile Team အဖွဲ့များဟာ တောအုပ်အတွင်း သစ်ကားများ ပုန်းအောင်းနေကြောင်း သိရှိရတဲ့အတွက်ဧပြီလ ၂၀ ရက် ဝ၉း၃၀ ချိန်ခန့်မှာ တာချီလိတ် နယ်စပ်စခန်းတာဝန်ခံဦးစီးတဲ့အဖွဲ့ဟာ မော်တော်ယာဉ်(၄)စီးနဲ့ မယ်ယန်း စခန်းမှစတင်ထွက်ခွာပြီး တာချီလိတ်-ဘူရှီး-မိုင်းဆက်မြေသား လမ်းအတိုင်း ဝင်ရောက်ခဲ့ရာ ၁၁းဝ၀ ချိန်ခန့်မှာ တာချီလိတ်မှ ၃၂ မိုင်ခန့်အကွာ လမ်းဘေးတောအုပ်အတွင်း မိုးကာအုပ်၍ သိုဝှက် ထားတဲ့တရားမဝင်သစ်များတင်ဆောင်ထားတဲ့ ၆ ဘီးတပ်မော်တော်ယာဉ် (၃)စီးအား ပိုင်ရှင်မဲ့ သိမ်းဆည်းနိုင်ခဲ့တယ်လို့သတင်းရရှိပါတယ်။
အလားတူ ကျိုင်းတုံနယ်စပ်ကုန်သွယ်ရေးစခန်းတာဝန်ခံဦးစီးတဲ့အဖွဲ့ဟာ မိုင်းဖြတ်-ဘူရှီး-မိုင်းဆက်လမ်းကြောင်းအတိုင်း တပြိုင်တည်း ဝင်ရောက်ခဲ့ရာမှာ ၁၀း၃၀ ချိန်ခန့်မှာ မိုင်းဖြတ်မြို့မှ ၁၀ မိုင်ခန့် အကွာလမ်းဘေးတောအုပ်အတွင်း မိုးကာအုပ်၍ ဝှက်ထားသော တရားမဝင်သစ်များတင်ဆောင်ထားတဲ့ ၆ ဘီးတပ်မော်တော်ယာဉ်(၃)စီးအား ပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့တယ်လို့သတင်းရရှိပါတယ်။
တာချီလိတ်နယ်စပ်ကုန်သွယ်ရေးအဖွဲ့က ရှာဖွေရမိယာဉ် ၃ စီးပေါ်မှ ပိတောက်သားခွဲသား (၈၄) ချောင်း ၁၁ ဒသမ ၃၁၃ တန်၊ ပိတောက်သစ်လုံး (၆)လုံး ၃ ဒသမ ၈၆၈ တန် စုစုပေါင်း ၁၅ ဒသမ ၁၈၁ တန်ကို လည်းကောင်း၊ ကျိုင်းတုံ နယ်စပ်ကုန်သွယ်ရေးအဖွဲ့က ရှာဖွေသိမ်းဆည်းရမိယာဉ် ၃စီးပေါ်မှ ပိတောက်ခွဲသား (၈၆) ချောင်း ၁၁ ဒသမ ၅၆၂ တန်၊ ပိတောက်သစ်လုံး (၆)လုံး ၃ ဒသမ ၆၆၈ တန်၊ စုစုပေါင်း ၁၅ ဒသမ ၂၃၀ တန်ကိုလည်းကောင်း ၊ ၆ဘီးတပ်ယာဉ် ၆ စီးနဲ့အတူ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။ စစ်ဆေးတွေ့ရှိသိမ်းဆည်းရမိခဲ့သောသစ်များနဲ့ တင်ဆောင်လာတဲ့ မော်တော်ယာဉ် ၆ စီးတို့အား လုပ်ထုံးလုပ်နည်းနဲ့အညီ အကောက်ခွန်အမှုတွဲဖွင့်လှစ်သိမ်းဆည်းသွားမယ်လို့ ရှေ့ပြေးသတင်းများ ရရှိခဲ့ပါတယ်။
MIRT