မြန်မာ-ထိုင်း ရင်းနှီးမြှုပ်နှံမှု ရော်ဘာ သန့်စင်စက်ရုံ အောက်တိုဘာလ ကုန်မှာဖွင့်နိုင်မည်

          တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်မှာ ရော်ဘာသန့်စင်စက်ရုံအား ယခုနှစ် အောက်တိုဘာလကုန်မှာ ဖွင့်လှစ်သွားနိုင်တော့မှာဖြစ်ပြီး ယခုလက်ရှိမှာတော့ နိုင်ငံခြားပညာရှင်များ၊ ဒေသခံဝန်ထမ်းများနဲ့ စမ်းသပ် လည်ပတ်နေတယ်လို့ သတင်းရရှိပါတယ်။

         ရော်ဘာသန့်စင်စက်ရုံအား အမေရိကန်ဒေါ်လာ ၅ သန်းကျော်နဲ့ ရင်းနှီးမြှုပ်နှံထားတာဖြစ်ပြီး တနင်္သာရီ တိုင်းဒေသကြီးရဲ့ ပထမဆုံးသော ရော်ဘာသန့်စင်စက်ရုံတစ်ခုဖြစ်ပါတယ်။ စက်ရုံမှ တန်ဖိုးမြှင့် ရော်ဘာကုန် ချောသန့်စင်ရော်ဘာအစေးနဲ့ RSS-1ရော်ဘာပြားများ ထုတ်လုပ်သွားမယ်လို့ သိရပါတယ်။ မြန်မာ-ထိုင်း ရော်ဘာ ဖက်စပ်ကော်ပိုရေးရှင်းလီမိတက်ရဲ့ ရော်ဘာအစေး သန့်စင်စက်ရုံကို မြိတ်ခရိုင် ပုလောမြို့နယ် ဘုတ်ချောင်းကျေးရွာမှ တည်ထားတာဖြစ်ပါတယ်။ တိုင်းရင်းသားပိုင် Vantage Company နဲ့ ထိုင်းနိုင်ငံ Thai Tex Company တို့ဖက်စပ်တည်ထောင်ထားခြင်းဖြစ်ပါတယ်။ ကုန်ကြမ်း အလုံအလောက် ရရှိမယ်ဆိုရင် တစ်လလျင် ကုန်ချော တန်ချိန် ၅၀ဝ ထိ ထုတ်လုပ်နိုင်မယ်လို့ သိရပါတယ်။

Vantage Company Ltd ဟာ ၁၉၉၆ ခုနှစ်ကစပြီး ဘုတ်ချောင်းကျေးရွာမှာ ရော်ဘာပင်များ စတင်စိုက်ပျိုးခဲ့ပြီး ၂၀၁၃ ခုနှစ်မှာတော့ မှိုင်းခံရော်ဘာ RSS-1 များကို ပြည်တွင်းပြည်ပဈေးကွက်များသို့ တင်ပို့ရောင်းချနေတဲ့ ကုမ္ပဏီဖြစ်ပါတယ်။

          ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းများရရှိရေးနဲ့ ရသင့်ရထိုက်သော အခွန်အခများ ရရှိနိုင်ရေးရည်ရွယ်ချက်များနဲ့ မြန်မာ-ထိုင်း ရင်းနှီးမြှုပ်နှံမှုဖက်စပ်ကော်ပိုရေးရှင်းကို တည်ထောင်ထားခြင်းဖြစ်တယ် လို့ Vantage Company Ltd စီမံကိန်းမန်နေဂျာ ဦးစိုင်းမတ်က ဧပြီလ ၂၉ ရက်နေ့က ပြုလုပ်တဲ့ ရော်ဘာအစေး သန့်စင်စက်ရုံ မိတ်ဆက် ပွဲအခမ်းအနားမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

          အခုလို ရော်ဘာအစေးသန့်စင်စက်ရုံမှ ရော်ဘာအသား ၆၀ ရာခိုင်နှုန်းရရှိအောင် သန့်စင်ပေး သွားမှာဖြစ်ပါတယ်။ ထွက်ရှိလာတဲ့ ရော်ဘာများကတော့ အရည်အသွေးမြင့် ရော်ဘာဖြစ် လာမှာဖြစ်တဲ့အတွက် ဈေးလည်းကမ္ဘာ့ပေါက်ဈေးနဲ့အညီ ရနိုင်မှာဖြစ်ပါတယ်။ ကားတာယာ အမြောက်အမြားကတော့    အဆင့်များနဲ့ ထုတ်လုပ်တာဖြစ်ပြီး၊ ရော်ဘာအရည်ကိုတော့ တိုက်ရိုက်ကုန်ချော ထုတ်လုပ်တာဖြစ်ပါတယ်။ စက်ရုံသုံးလက်အိတ်များ၊ ခွဲစိတ်ခန်းသုံး၊ ဓါတ်ခွဲခန်းသုံးလက်အိတ်များ အစရှိသည် တို့်ကို ထုတ်လုပ်ပါတယ်။ အခုလို စက်ရုံတည်ခြင်းအားဖြင့် လုပ်ငန်းရှင် အနေနဲ့ ရော်ဘာခြံရှင်များပါ အကျိုးရှိမှာဖြစ်တယ်လို့ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းက တာဝန်ရှိသူတစ်ဦးမှ ပြောကြားပါတယ်။

                                                                                ကောင်းကင်