စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ (၂၀) ကြိမ်မြောက် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲ အခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ တက်ရောက်အားပေး

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၁  

        ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့၊ ၁၇:၀၀ နာရီအချိန်တွင် နေပြည်တော်၊ ရုံးအမှတ်-၃၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ခဲ့ သည့် ဝန်ကြီးဌာန၏ (၂၀) ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ အခမ်းအနားသို့ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ တက်ရောက်အားပေး အမှာစကားပြောကြားသည်။

          အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံတွင် ဆယ့်နှစ်လရာသီပွဲတော်များရှိသည့် အနက် ထမနဲဟုဆိုသည်နှင့်တစ်ပြိုင်နက် တပို့တွဲလ ထမနဲပွဲဟူသော စကားရပ်ကို မြန်မာ ပြည်သူ/ ပြည်သားများအားလုံး ယှဉ်တွဲသိရှိပြီး ဖြစ်ပါကြောင်း၊ တစ်နည်းဆိုသော် ထမနဲပွဲသည် တပို့တွဲလ၏ ပုံရိပ်သင်္ကေတလည်း ဖြစ်ပါကြောင်း၊ ချစ်စရာနှင့်ပျော်စရာလည်းကောင်းလှသော မြန်မာ့ဓလေ့ဖြစ်သည့် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို နှစ်စဉ်ကျင်းပခဲ့ပြီး ဆွေမျိုးမိတ်သင်္ဂဟများ ကို ကျန်းမာရေးနှင့် ညီညွတ်ပြီး ဓာတ်ကြီးလေးပါး ညီညွတ်မျှတစေရန်အတွက် ဆေးဝါးဓာတ်စာ အဖြစ် ထမနဲကို ပေးဝေလှူဒါန်းခြင်း ကောင်းမှုကုသိုလ် ရယူရာလည်းရောက်ပါကြောင်း၊ မြန်မာ့ ရိုးရာထမနဲထိုးပြိုင်ပွဲသည် ဌာနများအလိုက် စုပေါင်းညီညာအောင်ကြောင်းဖြာ သရုပ်ကိုဖော် ဆောင်သော ပြိုင်ပွဲတစ်ခုလည်း ဖြစ်ပါကြောင်း၊ ပြိုင်ပွဲဖြစ်သည့်အတွက် ပြိုင်ပွဲစည်းမျဉ်းစည်းကမ်း များကို လိုက်နာယှဉ်ပြိုင်သွားစေလိုပါကြောင်း ပြောကြားသည်။ 

         ထို့နောက် ထမနဲထိုးပြိုင်ပွဲတွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာအကြီးအကဲများက ဝန်ကြီး ဌာနမှ ပြိုင်ပွဲဝင်အသင်းများ၏ မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာအတိုင်း သတ်မှတ်ပြိုင်ပွဲ စည်းမျဉ်းများနှင့်အညီ ယှဉ်ပြိုင်နေမှုများအား လိုက်လံကြည့်ရှုအားပေးကြပြီး ဆုရွေးချယ်ရေး ဆပ်ကော်မတီအဖွဲ့ဝင်များမှ အကဲဖြတ်အမှတ်ပေးခြင်းများ ဆောင်ရွက်ကြကာ ဆုရရှိသည့် အသင်းများအား ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ဆုများ အသီးသီးချီးမြှင့်ကြ ကြောင်း သတင်းရရှိသည်။