အမျိုးသားအဆင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးကော်မတီ (၁/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးသို့ အမျိုးသားအဆင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးကော်မတီ ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်း တက်ရောက်အဖွင့်အမှာစကားပြောကြား

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၉   


     အမျိုးသားအဆင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး ကော်မတီ ၏ (၁/၂၀၂၅) ကြိမ် မြောက် အစည်းအဝေးကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့၊ နေ့လယ် ၁၄:၀၀ နာရီအချိန်တွင် နေပြည်တော်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် - ၃ ၌ ကျင်းပပြုလုပ်ခဲ့ရာ အမျိုးသားအဆင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးကော်မတီ ဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်း တက်ရောက် အဖွင့်အမှာစကား ပြောကြားသည်။

     အမျိုးသားအဆင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးကော်မတီ ဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်းက အဖွင့်အမှာစကားပြောကြားရာ၌ ယနေ့အစည်းအဝေးတွင် လုပ်ငန်းအဖွဲ့များ၏ ၆ လအတွင်း ဖြစ်ပေါ်တိုးတက်မှုများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို အဓိကဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ကုန်သွယ်မှုလွယ်ကူချောမွေ့ စေရေးသဘောတူညီချက်အပေါ် မြန်မာနိုင်ငံက လိုက်ပါအကောင်အထည်ဖော်ပြီးမြောက်မှု အနေဖြင့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ၆၄.၇ ရာခိုင်နှုန်းထိ တိုးတက်လာခဲ့ကြောင်း၊ လက်ရှိတွင် မြန်မာနိုင်ငံအနေဖြင့် အလယ်အလတ်အဆင့်တွင် လိုက်ပါအကောင်အထည်ဖော် ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း၊ လုပ်ငန်းအကောင်အထည်ဖော်ရန် မူလက သတ်မှတ်ထားသည့် ရက်စွဲများထက် စော၍ ပြီးစီးကြောင်း အသိပေးအကြောင်းကြားထားသော အဖွဲ့ဝင် ၁၇ နိုင်ငံတွင် မြန်မာနိုင်ငံပါဝင် သည်ကို တွေ့ရှိရကြောင်း၊ လုပ်ငန်းစဉ်များကို သတ်မှတ်အချိန်ဇယားနှင့်အညီ ပြီးမြောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် အချိတ်အဆက်မိမိ ပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

     ဆက်လက်၍ အမျိုးသားအဆင့်ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးကော်မတီ ပူးတွဲဥက္ကဋ္ဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းထွဋ်က ကုန်သွယ်မှုလွယ်ကူချောမွေ့စေ ရေးဆိုသည့်ကဏ္ဍမှာ အလွန်ကျယ်ပြန့်ပါကြောင်း၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ကုန်သွယ်မှုလွယ်ကူ ချောမွေ့စေရေးသဘောတူညီချက်ပါ အချက်များသာမက ကုန်သွယ်မှုလမ်းကြောင်းများ၊ အခြေခံအဆောက်အအုံ လိုအပ်ချက်များပါ အကျုံးဝင်နေသည့်အတွက် လုပ်ငန်းအဖွဲ့ဝင်ဌာနများအနေဖြင့် ယင်းသဘောတူညီချက်ပါ အစီအမံများသာမက မိမိတို့ဌာနအလိုက် လွယ်ကူချောမွေ့စေရေး ဆောင်ရွက်နိုင်မည့် ကိစ္စရပ်များရှိပါကလည်း ဆောင်ရွက်ပေးစေလိုပါကြောင်း၊ ဌာနအချင်းချင်း ပေါင်းစပ်ညှိနှိုင်းပေးရမည့် ကိစ္စရပ်များရှိပါကလည်း ယခုအစည်းအဝေးတွင် ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေးစေလိုပါကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။

     အစည်းအဝေး၌ အမျိုးသားအဆင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးကော်မတီ၊ အတွင်းရေးမှူးက ယခင်ကော်မတီအစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေ များအား အစီရင်ခံတင်ပြခြင်း၊ ကော်မတီအောက်ရှိ လုပ်ငန်းအဖွဲ့အသီးသီးမှ လုပ်ငန်းအဖွဲ့အလိုက်  တာဝန်ယူဆောင်ရွက်သည့် အစီအမံများအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအား အသေးစိတ်ရှင်းလင်းတင်ပြဆွေးနွေးခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။

     ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး သဘောတူညီချက်အရ ဖွဲ့စည်းထားသော အမျိုးသားအဆင့် ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေး ကော်မတီအောက်ရှိ လုပ်ငန်းအဖွဲ့များ၏ တိုးတက်ဖြစ်ပေါ်မှု အခြေအနေများ၊ လက်ရှိအကောင်အထည်ဖော်ဆောင်ရွက်နေမှုများအား စိစစ်သုံးသပ်နိုင်ရန်နှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ချမှတ်အကောင် အထည်ဖော်ဆောင်ရွက်ရန်အတွက် ယနေ့အစည်းအဝေးအား ကျင်းပရခြင်းဖြစ်ပြီး ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးအတွက် အကောင်အထည်ဖော်ရန် ကျန်ရှိနေသည့် အစီအမံများအား သတ်မှတ်အချိန်အတွင်း ပြီးမြောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် အတူတကွ ဝိုင်းဝန်းဆောင်ရွက်သွားကြရန်နှင့် လုပ်ငန်းအဖွဲ့များက လုပ်ငန်းစဉ်တစ်လျှောက် အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်သွားကြရန် ကော်မတီဥက္ကဋ္ဌများက တိုက်တွန်း ပြောကြားခဲ့ကြသည်။

     အစည်းအဝေးသို့ ကော်မတီအဖွဲ့ဝင်များနှင့် ကော်မတီအောက်ရှိ လုပ်ငန်းအဖွဲ့များမှ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ခံအရာရှိများ၊ ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။