စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု အခြေခံသင်တန်း(စနေ၊ တနင်္ဂနွေ) အမှတ်စဉ် (၈) သင်တန်းဖွင့်ပွဲသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော်၊ နိုဝင်ဘာ ၄       

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုအခြေခံသင်တန်း (စနေ၊ တနင်္ဂနွေ) အမှတ်စဉ် (၈) သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် (၀၉:၃၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ပန်းပဲတန်းမြို့နယ်၊ ကမ်းနားလမ်းနှင့် ရွှေဘုံသာလမ်းထောင့်ရှိ ရန်ကုန်တိုင်းဒေသကြီးရုံး၊ ပဉ္စမထပ်ရှိ ညီလာခံခန်းမ၌ ကျင်းပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ တက်ရောက် အဖွင့်အမှာစကား ပြောကြားခဲ့သည်။

   ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ပုဂ္ဂလိကကဏ္ဍအသီးသီးရှိ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်သွယ်မှုဆိုင်ရာလုပ်ထုံး လုပ်နည်းများကိုသိရှိနားလည်ပြီး နိုင်ငံတကာနှင့် ဆက်သွယ်ဆောင်ရွက်ရာတွင် သိသင့်သိထိုက်သော ကုန်သွယ်မှုဆိုင်ရာ အသိပညာ ဗဟုသုတများရရှိစေရန်၊ မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကအရေးပါသည့် ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်သစ်များနှင့် ကုန်သည်စီးပွားရေးလုပ်ငန်းရှင်သစ်များ မွေးထုတ်ပေးရန်၊ ကုန်သွယ်မှုနှင့်သက်ဆိုင်သည့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရန်တို့အတွက် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတကာနှင့် ကုန်သွယ်မှုကဏ္ဍများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးစေရန် ဆောင်ရွက်လျက်ရှိရာ ကုန်သွယ်မှုနှင့်ဆက်စပ်နေတဲ့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)အပါအဝင် ပုဂ္ဂလိကအသင်းအဖွဲ့များ၊ ကုန်သည် လုပ်ငန်းရှင်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ဟန်ချက်ညီညီပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတကာ ကုန်သွယ်ဖက်အဖွဲ့အစည်းများ၊ မိတ်ဖက်နိုင်ငံများနှင့်ပူးပေါင်း၍ ကုန်သွယ်မှုပညာပေးသင်တန်းများ၊ ဘွဲ့လွန်သင်တန်းများ၊ ပါရဂူဘွဲ့ သင်တန်းများစေလွှတ်ခြင်းတို့ကို စဉ်ဆက်မပြတ်ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊

   ကုန်သွယ်မှုလုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ငန်းများ၊ နိုင်ငံတကာ ငွေကြေးပေးချေမှု ဆိုင်ရာလုပ်ငန်းများ၊ အကောက်ခွန် ဆိုင်ရာလုပ်ငန်းများ၊ ကုန်ပစ္စည်းအရည်အသွေးဆိုင်ရာလုပ်ငန်းများ၊ မူပိုင်ခွင့်ဆိုင်ရာလုပ်ငန်းများ၊ စားသုံးသူအကာအကွယ်ပေးရေး ဆိုင်ရာ လုပ်ငန်းများနှင့် ကုန် ပစ္စည်းအရည်အသွေးပိုင်းဆိုင်ရာ လုပ်ငန်းများစသည့် လုပ်ငန်းနယ်ပယ် အသီးသီးရှိ ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့် စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များကို အလေးထားသင်ကြားပို့ချပေး သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

   အဆိုပါသင်တန်းသို့ သင်တန်းသား/ သင်တန်းသူ (၉၇) ဦး တက်ရောက်ကြမည်ဖြစ်ပြီး သင်တန်းကာလမှ ရက်သတ္တ (၁၂)ပတ် ကြာမြင့်မည်ဖြစ်ပါသည်။

   ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မဟာဗန္ဓုလလမ်းနှင့် ပန်းဆိုးတန်းလမ်းထောင့်ရှိ မြန်မာနိုင်ငံသားများဘဏ်လီမိတက်(MCB) တွင် တာဝန်ရှိသူများအားတွေ့ဆုံ၍ ဘဏ်လုပ်ငန်းများ ဖွံ့ဖြိုးတက်ဆောင်ရွက်ရေးနှင့် လွယ်ကူလွယ်ကူလျင်မြန်ချောမွေ့စေရေးတို့အား အသေးစိတ်မှာ ကြားပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည့် ကမ်းနားလမ်းထောင့်ရှိ ရန်ကုန်တိုင်းဒေသကြီးရုံး၊ အစည်းအဝေးခန်းမ၌ မြန်မာ့ကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းများ လီမိတက်(MITS) မှ တာဝန်ရှိသူများအားတွေ့ဆုံ၍ အသင်းအနေဖြင့် ကုန်ပစ္စည်းများ အရည်အသွေးစမ်းသပ်စစ်ဆေး ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကုန်သည်လုပ်ငန်းရှင်များ၏ ယုံကြည်အားကိုးမှု ရရှိစေရန် ရိုးသားမှုဘက်မလိုက်မှု၊ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်သိမှုစသည့် အချက်များနှင့်ညီအောင် ဆောင်ရွက်ပေးရမှာ ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။

   ပြည်ထောင်စုဝန်ကြီးသည် နေ့လည်ပိုင်းတွင်ရန်ကုန်တိုင်းဒေသကြီးရုံး အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများအသင်းမှ တာဝန်ရှိသူများအား တွေ့ဆုံပြီး ပြည်ပပို့ ကုန်ဖြစ်သည့် ရော်ဘာများ အရည်အသွေး ပိုမိုကောင်းမွန်အောင်ဆောင်ရွက်ရေး၊ စိုက်ပျိုးထုတ်လုပ်မှု မြှင့်တင်ရေးနှင့် ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးတို့အား မှာကြားခဲ့ကြောင်း သတင်းရရှိသည်။