Expo-Milano 2015 ကမ္ဘာ့ကုန်စည်ပြပွဲ မြန်မာနိုင်ငံမှ သွားရောက်ပြသရန် ဆောင်ရွက်လျှက်ရှိ

          အီတလီနိုင်ငံ၊ မီလန်မြို့တွင် ၂၀၁၅ ခုနှစ် မေလ ၁ ရက်နေ့မှ အောက်တိုဘာလ ၃၁ ရက်နေ့ထိ (၆)လကြာ ကျင်းပပြုလုပ်မည့် ကမ္ဘာ့ ကုန်စည်ပြပွဲ သို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဦးဆောင်မှုဖြင့်  မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် မှ ကုမ္ပဏီများက ဆန်စပါးလုပ်ငန်း အစုအဖွဲ့ (Rice Cluster) တွင် ဆန်စပါးနှင့် ပဲမျိုးစုံအား သွားရောက်ပြသရန် ဆောင်ရွက်လျှက် ရှိပါသည်။

          Expo-Milano 2015 ပြပွဲတွင် လာရောက်ပြသမည့် နိုင်ငံပေါင်း ( ၁၄၅ ) နိုင်ငံ တွင်  ဥရောပမှ (၃၂)နိုင်ငံ၊အာရှ မှ (၄၁) နိုင်ငံ၊  အာဖရိက မှ (၄၃) နိုင်ငံ၊ သမုဒ္ဒရာ ကျွန်းစုများ မှ (၃)နိုင်ငံ၊ အမေရိက မှ (၂၆) နိုင်ငံ တို့ပါဝင်ပြီး ကုန်စည်ပြပွဲ ဆောင်ပုဒ်မှာ Feeding the Planet, Energy for Life  ဖြစ်သည်။

        အဆိုပါကုန်စည်ပြပွဲတွင် နိုင်ငံပေါင်း (၁၄၅) နိုင်ငံရှိ ကုမ္ပဏီများမှ နိုင်ငံထွက်ကုန် ပစ္စည်းများ အား လာရောက်ပြသမည်ဖြစ်ရာ ဆန်စပါး၊ ကိုကာ၊ ကော်ဖီ ၊ သစ်သီးဝလံနှင့် ပဲ၊ ဟင်းခတ်အမွှေး အကြိုင်၊ ကောက်နှံနှင့် ဥ၊ မြေထဲပင်လယ်ဒေသ စားသောက် ကုန် များ၊ ရေထွက် စားသောက်ကုန် များ၊ မိုးနည်း ရပ်ဝန်းဒေသထွက် စားသောက်ကုန်များ စသဖြင့် သီးနှံလုပ်ငန်း အစုအဖွဲ့ ( Agro Cluster)  (၉) ခုခွဲခြား၍လည်း ပြသသွားမည်ဖြစ်သည်။ မြန်မာနိုင်ငံမှ ဝင်ရောက် ပြသမည့် ဆန်စပါးလုပ်ငန်းအစုအဖွဲ့ (Rice Cluster) တွင် ကမ္ဘောဒီးယား၊ လာအို၊ ဘင်္ဂလားဒေ့ရှ်၊ ဆီရီယာလီရွန် နိုင်ငံများမှ ပါဝင်ပြသမည်ဖြစ်သည်။ ပြပွဲသို့လာရောက်ပြသသည့် ကုမ္ပဏီများနှင့် စီးပွားရေးအဖွဲ့အစည်း အချင်းချင်း စီးပွားရေးဆိုင်ရာတွေ့ဆုံဆွေးနွေးပွဲများ နှင့် အစည်းအဝေးများပြုလုပ် နိုင်ရေး Expo Business Meeting Team မှ စီစဉ်ဆောင်ရွက် ပေးမည်ဖြစ်သည်။ ကမ္ဘာ့ကုန်စည်ပြပွဲများ အား နိုင်ငံအလိုက် (၅) နှစ်တစ်ကြိမ်ကျင်းပခဲ့ပြီး ၂၀၁၀ ခုနှစ်တွင် တရုတ်နိုင်ငံ၊ရှန်ဟိုင်းမြို့ တွင် ကျင်းပခဲ့ပြီး ၂၀၂၀ ခုနှစ်တွင် အာရပ်စော်ဘွားများ နိုင်ငံ ဒူဘိုင်းမြို့၌ ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။

       Expo-Milano 2015 ကမ္ဘာ့ကုန်စည်ပြပွဲသို့ မြန်မာနိုင်ငံ မှ သွားရောက်ပြသခြင်းဖြင့် လယ်ယာ ထွက်ကုန်   ဖြစ်သော  ဆန်စပါးနှင့်    ပဲမျိုးစုံတို့ကို   ဥရောပ နိုင်ငံများ နှင့် ကမ္ဘာ့နိုင်ငံများသို့ ဈေးကွက်သစ် ထိုးဖောက်နိုင်ရေးအတွက် ကြီးမားသော အခွင့်အလမ်းတစ်ရပ်ကို ရရှိလာနိုင်မည် ဖြစ်သည်။