စီးပွားရေး ပြန်လည်တိုးတက်ကောင်းမွန်ရေး လှုပ်ရှားမှုများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း

       ထိုင်းနိုင်ငံဝန်ကြီးချုပ် Mr. Prayut ဦးဆောင်သော (National Council for Peace and Order_NCPO) သည် နှေးကွေးလေးလံ/ နလန်မထူနိုင်ဖြစ်နေသော စီးပွားရေးအတွက် အဖြေရှာရန် ၁၂-၁-၂၀၁၅ ရက်နေ့၌ စီးပွားရေးလုပ်ငန်းရှင်များနှင့် အရေးပေါ် အစည်းအဝေး ကျင်းပခဲ့ပါသည်။
      ဝန်ကြီးချုပ်သည် ကူးသန်းရောင်းဝယ်ရေး၊ ဘဏ်လုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ အသေးစားစီးပွားရေးလုပ်ငန်းနှင်‌့ စွမ်းအင်ကဏ္ဍတို့မှ ကိုယ်စားလှယ်များကိုဖိတ်ခေါ်၍ ၎င်းတို့၏ စိုးရိမ်မှုများနှင့်လိုအပ်ချက်များကို သိရှိရန်အစည်းအဝေး ကျင်းပခဲ့ခြင်းဖြစ်ပါသည်။ ဝန်ကြီးများအပါအဝင် ကဏ္ဍအားလုံးမှ အဓိက စီးပွားရေးလုပ်ငန်းရှင်များ/ စီးပွားရေးကို ဦးဆောင်နေသူများ၊  NCPO မှ အကြံပေး ပုဂ္ဂိုလ်များတက်ရောက်ခဲ့ကြပါသည်။
    အစိုးရအနေဖြင့် ယခုနှစ်တွင်ခိုင်မာသော စီးပွားရေးဖြစ်လာအောင် အကောင်းဆုံးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံရေးပြဿနာသည်အရေးပါသော်လည်း စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အလွန်မစိုးရိမ်သင့်ကြောင်း ဝန်ကြီးချုပ် Mr. Prayut ကပြောကြားခဲ့ပါသည်။ ထိုင်းနိုင်ငံအပေါ်ယုံကြည်မှုပြန်လည်ရရှိရေးဆောင်ရွက်လျက်ရှိရာတွင်ပုဂ္ဂလိကကဏ္ဍမှကူညီဆောင်ရွက်စေလိုကြောင်းအစိုးရ၏ဒုတိယပြောရေးဆိုခွင့်ရှိသူ Maj Gen Sansern Kaewkamnerd ကပြောကြားခဲ့ပါသည်။
    အစည်းအဝေး၌ အစိုးရအနေဖြင့် ကျဆင်းဖွယ် ရှိနေသေးသည့် စီးပွားရေးကို လှုံ့ဆော် မြှင့်တင်ပေးရန် ဘဏ္ဍာငွေ / အသုံးစရိတ် ခွဲဝေပေးခြင်းနှင့် အခြေခံအဆောက်အဦဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် သုံးစွဲခြင်းကို အရှိန်မြှင့်တင် ဆောင်ရွက်ရန် လိုအပ်ကြောင်း ထိုင်းကုန်သည်ကြီးများအသင်း ဥက္ကဌ Mr. Isara က ပြောကြားခဲ့ပါသည်။
 ထိုင်းဘဏ်လုပ်ငန်းရှင်များအသင်း (TBA) အနေဖြင့်ကာလကြာရှည်စွာစောင့်ဆိုင်းခဲ့ရသောစီးပွားရေးအာမခံအက်ဥပဒေ (Business Guarantee Act) နှင့်အခြားသောအီလက်ထရောနစ်ဆိုင်ရာဥပဒေများကို အမြန်ဆုံးပြဌာန်းရန်အကြံပြုတိုက်တွန်းလိုကြောင်း၊ အဆိုပါဥပဒေများသည်ျဘဏ်လုပ်ငန်း၏ ထိရောက်စွာဆောင်ရွက်နိုင်မှုကိုမြှင့်တင်နိုင်ပြီး အသေးစားစီးပွားရေးလုပ်ငန်းများအားငွေကြေးရရှိနိုင်မှု အခွင့်အလမ်းပိုမိုရရှိစေနိုင်ကြောင်း၊ လက်ရှိအစိုးရအနေဖြင့် စီးပွားရေးအာမခံအက်ဥပဒေ စတင်မိတ်ဆက်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း TBA ဥက္ကဌ Mr. Boontuck ကပြောကြားခဲ့ပါသည်။
    စီးပွားရေးလုပ်ငန်းရှင်များမှ value-added tax (VAT) ၇ % အား မြှင့်တင်ခြင်း အပါအဝင် စီးပွားရေးကို ပိုမိုထိခိုက်စေနိုင်သည့် အစိုးရ၏ ဆိုင်းငံ့ထားသော မူဝါဒများနှင့် ပတ်သက်၍ မေးမြန်းခဲ့ကြပြီး၊ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများကို ဖြစ်နိုင်သမျှ အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ရန် တောင်းဆိုခဲ့ကြပါသည်။
    စီးပွားရေးသည် ထိခိုက်မခံ ဖြစ်နေသောကြောင့် အစိုးရအနေဖြင့် VAT တိုးမြှင့်ခြင်းကို တတ်နိုင်သမျှ ဆိုင်းငံ့ထားသင့်ကြောင်း၊ VAT မြှင့်တင်ခြင်းသည် အားနည်းနေသော စားသုံးသူများ၏ ဝယ်ယူမှုစွမ်းအားကို ပိုမို အားပျော့စေမည်ဖြစ်ကြောင်း၊ ကုမ္မဏီများအနေဖြင့် ယခုနှစ်အတွက် အမြင့်ဆုံးစီးပွားရေးတိုးတက်မှုနှုန်းသည် ၃.၅ %  သာ ဖြစ်နိုင်သည်ဟု ခန့်မှန်းထားကြောင်း၊ ကုမ္မဏီများအနေဖြင့် မတည်ငြိမ်သော နိုင်ငံခြားငွေလဲလှယ်နှုန်းကို သတိထားသင့်ကြောင်း၊ အစိုးရအနေဖြင့် အဆိုပါကိစ္စကို စောင့်ကြည့်လေ့လာသင့်ကြောင်းလည်း Mr. Isara က ပြောကြားခဲ့ပါသည်။
    အစည်းအဝေး၌ ထိုင်းအမျိုးသား သယ်ယူပို့ဆောင်ရေး လုပ်ငန်းရှင်များအသင်း (TNSC) ဥက္ကဌမှ အစိုးရ၏ ၂၀၁၅ ခုနှစ် ပြည်ပတင်ပို့မှု ရည်မှန်းချက် ၄ % နှင့် ပတ်သက်၍ စိုးရိမ်လျက် ရှိကြောင်း၊ အဆိုပါ ခန့်မှန်းချက်သည် ထိုင်းနိုင်ငံ ဗဟိုဘဏ်၏ ခန့်မှန်းချက် ၁ % နှင့် ၎င်းတို့၏ ခန့်မှန်းချက် ၂ % တို့နှင့်နှိုင်းယှဉ်ပါက များစွာ မြင့်မားလျက်ရှိကြောင်း၊ ပြည်ပတင်ပို့မှုအတွက် စွန့်စားရမှုများစွာ ရှိနေကြောင်း၊ အစိုးရအနေဖြင့် ပြည်ပတင်ပို့မှု မြှင့်တင်ရန် နောက်ထပ် စီမံချက်များကို အ‌ကောင် အထည်ဖော် ဆောင်ရွက် ရမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ထံသို့ တင်ပြခဲ့ပါသည်။
    အစိုးရ၏ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (SMEs) ကို ကူညီမည့် ဦးတည်ချက်ကို သဘောကျကြောင်း၊ သို့ရာတွင် မှတ်ပုံတင်စာရင်းသွင်းထားသော အသေး စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (၂၀၀,၀၀၀) သည် အစိုးရ၏ ကူညီထောက်ပံ့မှု ရရှိစေရေးတိုးမြှင့်ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း ထိုင်းစက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ ပြောကြားခဲ့ပါသည်။
    အစိုးရအနေဖြင့် လူကုန်ကူးမှုဆိုင်ရာ ပြဿနာများနှင့်ပတ်သက်၍ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ သို့ရာတွင် အဆိုပါ ပြဿနာများကို အလေးထား၍ အမြန်ဆုံး ဖြေရှင်းဆောင်ရွက်ပေးစေလိုကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် ယခုနှစ်တွင် အမေရိကန် ၏ စောင့်ကြည့်စာရင်းTier 3 မှ အဆင့်မြင့်တက်နိုင်ဖွယ်ရှိကြောင်းThai Union Frozen Plc ဥက္ကဌမှ တင်ပြခဲ့ပါသည်။  
    လက်လီရောင်းကဏ္ဍသည် ပြည်တွင်းစားသုံးမှုအပေါ် အမှီပြုျနိုင်ခြင်း မရှိသည့်အတွက် အစိုးရမှ ခရီးသွားမြှင့်တင်ရေး ဆောင်ရွက်မှုများကို အရှိန်မြှင့်တင်၍ ခရီးသွားဧည့်သည်များ၏ လုံခြုံမှုအတွက် စိတ်ချရအောင် ဆောင်ရွက်ပေးသင့်ကြောင်း၊ ခရီးသွားလုပ်ငန်းအား မှေးမှိန်နေသော စီးပွားရေးအတွက် အထောက်အကူဖြစ်စေနိုင်သည့် မျှော်လင့်ချက်တစ်ခုအဖြစ် ယူဆသတ်မှတ်ဆောင်ရွက်သင့်ကြောင်း The Mall Group ဒုတိယ ဥက္ကဌ Ms. Supaluck က ပြောကြားခဲ့ပါသည်။
    NCPO အနေဖြင့် စီးပွားရေးနှင့်ပတ်သက်၍ အလေးအနက်ထားကြောင်း၊ စီးပွားရေးကို စောင့်ကြည့်လေ့လာရန် အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းမည်ဖြစ်ကြောင်း၊ ကုမ္ပဏီများအနေဖြင့် စိတ်ရှည်သည်းခံသင့်ကြောင်း၊များစွာသော စီမံချက်များသည် စတင် အကျိုးသက်ရောက်နေပြီဖြစ်ကြောင်း၊ ကမ္ဘာ့စီးပွားရေးသည် ျထိခိုက်လွယ်သော အခြေအနေမှာပင် ရှိနေသေးကြောင်း၊ လှုံ့ဆော်ရေး စီမံချက်အချို့သည် ဗျူရိုကရက်ဆန်သော လုပ်ငန်းစဉ်များဖြင့် ကြန့်ကြာနေဆဲဖြစ်ကြောင်း ဝန်ကြီးချုပ်မှ ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
     နယ်စပ်ကုန်သွယ်မှုမြှင့်တင်ရန် အထူးစီးပွားရေးဇုန်များတည်တောင်ခြင်း၊ အာဆီယံ ဈေးကွက်များသို့ တင်ပို့မှုအပေါ် အာရုံစိုက် ဆောင်ရွက်လျက်ရှိခြင်း စသည်တို့ကြောင့် ယခုနှစ် အတွက် GDP တိုးတက်နှုန်း ခန့်မှန်းချက် ၄ % ကို ရရှိနိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီး Mr. Chatchai က ခိုင်မာစွာ ပြောကြားခဲ့ပါသည်။
      အစိုးရအနေဖြင့် အတည်ပြုပြီးဖြစ်သော Tak, Mukdahan, Songkhla, Sa Kaeo နှင့် Trat ပြည်နယ်များရှိ အထူးစီးပွားရေးဇုန်နေရာများအပြင် နောင်ခိုင် (Nong Khai) ပြည်နယ်တွင်ပါ တည်ထောင်ရန် စဉ်းစားလျက်ရှိကြောင်း၊  အထူးစီးပွားရေးဇုန်များကို ယခုနှစ်တွင်Tak ပြည်နယ်ရှိ မဲဆောက်နှင့် လာမည့်နှစ်တွင် Sa Kaeo ပြည်နယ်ရှိ Aranyaprathet ဒေသတို့၌ စတင် အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရပါသည်။    

 

ရီရီမွန်(စီးပွားရေးသံမှူး)