စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Hong Liang ဦးဆောင်သည့်အဖွဲ့အား လက်ခံတွေ့ဆုံ

                စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်မြင့်သည် 2015 ခုနှစ် ၊ သြဂုတ်လ ၁၈ ရက်နေ့ ၊ (၁၁: ၀၀)  နာရီ ၌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ အစည်းအဝေး ခန်းမ ၌ မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Hong Liang ဦးဆောင်သည့်အဖွဲ့အား လက်ခံ တွေ့ ဆုံသည်။

             အဆိုပါတွေ့ဆုံပွဲတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး မှ ဆွေးနွေးရာတွင် မိမိတို့ နိုင်ငံတွင် သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်သည့် ရေဘေးနှင့် ကြုံတွေ့နေချိန်တွင် အဆွေတော်တို့ တရုတ်နိုင်ငံနှင့် တရုတ်ပြည်သူများမှ လှူဒါန်းမှုများအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့ နှစ်နိုင်ငံကြား ရင်းနှီးချစ်ခင်သည့် ဆက်ဆံရေးကို ပိုမိုခိုင်မာအောင် ဆောင်ရွက်သွားလိုပါကြောင်း၊ မိမိတို့ နိုင်ငံမှ ဆန်တင်ပို့မှုအပြင် အရည်အသွေး ပြည့်မီသော မွေးမြူရေးနှင့် ရေထွက်ပစ္စည်းများ၊ သစ်သီးဝလံများ တိုးမြှင့်တင်ပို့ရောင်းချနိုင်ရေး၊ နှစ်နိုင်ငံ အကြားတရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားနိုင်ရေး၊ နှစ်နိုင်ငံ အကြီးအကဲများ ဆွေးနွေးထားသည့် ရွှေလီမှ ကျောက်ဖြူအထိ စီးပွားရေးစြင်္ကန်တည်ဆောက်ရေး တို့အတွက် ပူးပေါင်းဆောင်ရွက်သွားနိုင်မည့် ကိစ္စရပ်များအား ဆွေးနွေးခဲ့သည်။

          မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးမှလည်း မြန်မာနိုင်ငံ တွင် လက်ရှိကြုံတွေ့ နေရသည့် သဘာဝရေဘေးအန္တရာယ်အတွက် ကယ်ဆယ်ရေးလုပ်ငန်းများ တွင်ပါဝင်ဆောင်ရွက်နေသလို ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင်လည်း ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံ ဖြစ်သလို အများဆုံးရင်းနှီးမြှုပ်နှံ နေသည့်နိုင်ငံလည်း ဖြစ်သည့်အတွက်ဝမ်းမြောက်ဂုဏ်ယူမိပါ ကြောင်း၊အဆိုပါအခြေအနေအားဆက်လက်ထိန်းသိမ်းထားနိုင်ရေးအတွက်လည်းကြိုးပမ်း သွားမည်ဖြစ်ကြောင်း၊  မြန်မာနိုင်ငံမှ မွေးမြူရေးနှင့် ရေထွက်ပစ္စည်းများ၊ သစ်သီးဝလံများအား ပမာဏ အကန့်အသတ်မရှိ ဝယ်ယူနေသည့်အပြင် သစ်သီးဝလံတင်ပို့မှုအတွက် အခွန်ကောက်ခံခြင်းမရှိ သည့်အတွက် အဆိုပါကဏ္ဍများတွင် တိုးမြှင့်တင်ပို့နိုင်ရေး၊ မူဆယ်-ရွှေလီစီးပွားရေးပူးပေါင်း ဆောင်ရွက်ရေးဇုံ ထူထောင်ရေးကိစ္စရပ်များ၊ နယ်စပ်ဒေသများရှိ တရားမဝင်ကုန်သွယ်မှု များအား နှစ်နိုင်ငံပူးပေါင်းတားဆီးရေး ဆောင်ရွက်မည်ဖြစ်ကြောင်း၊တရားဥပဒေစိုးမိုးမှုရှိသည့်စီးပွားရေး ဖြစ်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း၊တရုတ်ယွမ်ငွေအသုံးပြု၍ နှစ်နိုင်ငံကုန်သွယ်မှုတိုးတက်အောင်ဆောင်ရွက်လိုကြောင်း၊ စီးပွားရေးပူးပေါင်းဆောင်ရွက်ရန်အတွက် လူ့စွမ်းအားအရင်း အမြစ်တိုးမြှင့်တင်ရေးဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ကျောက်ဖြူမှတစ်ဆင့်တတိယနိုင်ငံများမှ ကုန်စည်များအားတရုတ်နိုင်ငံ သို့တင်ပို့တင်သွင်းရေး ဆောင်ရွက်မည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံအကြား  ရေရှည်အကျိုးဖြစ်ထွန်းစေမည့် ရင်းနှီးမြှပ်နှံမှုများအပေါ် အခွန်နှစ်ထပ်ကောက်ခံခြင်းစနစ် (Double Taxation System) ကိုဖယ် ရှားရေးသဘောတူညီချက်ကို ဆောလျင်စွာ လက်မှတ်ရေးထိုးနိုင်ရေးနှင့် နှစ်နိုင်ငံဘဏ်များအကြား ပိုမိုနီးကပ်စွာ ချိတ်ဆက်ဆောင်ရွက်သွားနိုင် ရေးကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

          အဆိုပါ တွေ့ဆုံပွဲအခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။