စာပေနှင့်အနုပညာမူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပ

နေပြည်တော်၊ ဩဂုတ် ၂၁

   စာပေနှင့်အနုပညာမူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီခွဲအချိန် တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန၊ရုံးအမှတ်(၅၂)၊အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့်ကျင်းပရာ မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားသည်။

   အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနအောက်ရှိ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းများအတွင်းရှိ တက္ကသိုလ်များနှင့် ကောလိပ်များမှ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့် တာဝန်ရှိသူများ၊  မူပိုင်ခွင့်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ စုစုပေါင်း(၁၀၀)ဦး  တက်ရောက်ကြသည်။

   စာပေနှင့်အနုပညာမူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲတွင် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်က အဖွင့်အမှာစကားပြောကြားရာ၌ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေကို ၂၀၁၉ ခုနှစ်၊ မေလ ၂၄ ရက်နေ့တွင် အတည်ပြုပြဋ္ဌာန်းခဲ့ပြီး၊ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့တွင် အာဏာသက်ဝင်ခဲ့ပြီးဖြစ်ပါကြောင်း၊ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် စာပေနှင့်အနုပညာလက်ရာများ၊ ဆက်နွှယ်သည့်အခွင့် အရေးဆိုင်ရာကိစ္စရပ်များကို မှတ်ပုံတင်ခြင်းဆိုင်ရာ နည်းဥပဒေများ၊ လျှောက်လွှာပုံစံများ၊ လျှောက်ထားမှုအမျိုးမျိုးအတွက် ပေးသွင်းရမည့်အခကြေးငွေများကို ထုတ်ပြန်ခဲ့ပြီးဖြစ်ပါကြောင်း၊ စာပေနှင့်အနုပညာမူပိုင်ခွင့်မှတ်ပုံတင် လျှောက်ထားခြင်းများကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၉ ရက်နေ့မှစတင်၍ လက်ခံဆောင်ရွက်လျက်ရှိပြီး၊ စာပေနှင့်အနုပညာမူပိုင်ခွင့် သို့မဟုတ် ဆက်နွှယ်သည့်အခွင့်အရေးဆိုင်ရာ စုပေါင်းစီမံခန့်ခွဲသည့် အဖွဲ့အစည်းဖွဲ့စည်းခြင်းဆိုင်ရာစည်းမျဉ်းကိုလည်း ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါကြောင်း၊ စုပေါင်းစီမံခန့်ခွဲသည့်အဖွဲ့အစည်းများ ဖွဲ့စည်းဆောင်ရွက်ရန် လျှောက်ထားခြင်းများအတွက် လိုအပ်သော လျှောက်လွှာပုံစံများနှင့် အခကြေးငွေများကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားခဲ့သည်။

   စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေကို သိရှိနားလည်ပြီး ဥပဒေပါပြဋ္ဌာန်းချက်များအတိုင်း လိုက်နာကျင့်သုံးနိုင်စေရေးအတွက် ယခုလို အသိပညာပေးဆွေးနွေးပွဲများ ကျင်းပပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ စာပေနှင့်အနုပညာမူပိုင်ခွင့်ပိုင်ရှင်တို့၏ စာပေနှင့်အနုပညာမူပိုင်ခွင့်များကို အကာအကွယ်ပေးရန်၊ ဖျော်ဖြေသူ၊ ဖိုနိုဂရမ်ထုတ်လုပ်သူနှင့် ထုတ်လွှင့်သည့်အဖွဲ့အစည်းများ၏ ဆက်နွှယ်သည့် အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်နိုင်ရန်၊ ရိုးရာဓလေ့အမွေအနှစ်ဖော်ပြချက်များကို ကာကွယ်မြှင့်တင် နိုင်ရန် စသည့်ရည်ရွယ်ချက်များဖြင့် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေကို ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပါကြောင်း၊ စာပေနှင့်အနုပညာဖန်တီးသူများ၏ စာပေနှင့်အနုပညာမူပိုင်ခွင့်နှင့် ဆက်နွှယ်သည့်အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ပေးခြင်းဖြင့် လူသားတို့၏ ဖန်တီးနိုင်စွမ်းအားကို မြှင့်တင်ပေးနိုင်မည်ဖြစ်ပါ ကြောင်း၊ အရည်အသွေးရှိသော စာပေနှင့်အနုပညာဖန်တီးမှုများ တိုးတက်လာခြင်းဖြင့် နိုင်ငံတော်၏ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုတိုးတက်ရေးကို အထောက်အကူဖြစ်စေမည်ဖြစ်ပါကြောင်း၊ စာပေနှင့်အနုပညာမူပိုင်ခွင့်သည် မဖြစ်မနေမှတ်ပုံတင်ရန် မလိုအပ်ဘဲ မှတ်ပုံတင်သည်ဖြစ်စေ၊ မတင်သည်ဖြစ်စေ ဥပဒေပါ အခွင့်အရေးများကို ခံစားခွင့်ရှိသော်လည်း မှတ်ပုံတင်ထားရှိပါက စာပေနှင့်အနုပညာ မူပိုင်ခွင့်နှင့်စပ်လျဉ်းသည့် အငြင်းပွားမှုများဖြစ်လျှင် ခိုင်လုံသော သက်သေအထောက်အထားအဖြစ် တင်ပြနိုင်မည်ဖြစ်ပါကြောင်း၊ စာပေနှင့်အနုပညာမူပိုင်ခွင့်ပိုင်ရှင်များ ပိုင်ဆိုင်သည့် အခွင့် အရေးများ၊ စာပေနှင့်အနုပညာလက်ရာများကို အသုံးပြုရာတွင် မူပိုင်ခွင့်ပိုင်ရှင်၏ ခွင့်ပြုချက်နှင့် အခကြေးငွေ ပေးရန်မလိုဘဲ ကန့်သတ်ချက်၊ ကင်းလွတ်ချက်ဖြင့် အသုံးပြုနိုင်မည့်အခြေအနေများ၊ မူပိုင်ခွင့်ချိုးဖောက် သည့် အပြုအမူများနှင့် စာပေနှင့်အနုပညာမူပိုင်ခွင့်မှတ်ပုံတင်ခြင်း၏ အကျိုးကျေးဇူးများကိုလည်း သိရှိနိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

   ဆက်လက်၍ မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာနွယ်ရီဝင်းက စာပေနှင့်အနုပညာ မူပိုင်ခွင့်ဥပဒေ၊ စာပေနှင့်အနုပညာ သိကောင်းစရာများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး ဆွေးနွေးပွဲသို့ တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းခြင်းများအပေါ် ဘာသာရပ် တာဝန်ခံက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကာ ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။