တာချီလိတ်တံတားအမှတ် (၁)မှ ခြောက်လအတွင်း ရှမ်းပြည်နယ်အစိုးရ ဘဏ္ဍာရန်ပုံငွေ ကျပ်သိန်းပေါင်း ၁၈၀၀ ကျော်ရရှိ

         နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှုအရ တရားမဝင်ကုန်သွယ်မှု လျော့ နည်းကျဆင်းရေး၊ ရသင့်သည့်အခွန် အပြည့်အ၀ ရရှိစေရေးတို့ အတွက် ရှမ်း ပြည်နယ်(အရှေ့ပိုင်း)ရှိ နယ်စပ်ဝင် ပေါက်များကို ရှမ်းပြည်နယ် အစိုးရက ကြီးကြပ်ဆောင်ရွက်ခဲ့ရာ တာချီလိတ်-မယ်ဆိုင် ချစ်ကြည်ရေးတံတား အမှတ် (၁)မှ တစ်ပိုင်တစ်နိုင် ကုန်စည် တင်သွင်းမှုအပေါ် တံတားဖြတ်သန်းခအဖြစ် ကုန်ပစ္စည်းတန်ဖိုး၏ သုံးရာခိုင်နှုန်း ကောက်ခံရရှိငွေမှာ စတင်အကောင် အထည်ဖော် ဆောင်ရွက်ခဲ့သည့် ၂၀၁၆ ခုနှစ်၊ သြဂုတ်လ မှ ၂၀၁၇ခုနှစ်၊ ဇန်နဝါရီ လအထိ ခြောက်လအတွင်း ကျပ်သိန်း ပေါင်း ၁၈၀၀ ကျော်ရရှိကြောင်းသိရသည်။
         အဆိုပါ ခြောက်လအတွင်း အများဆုံးရရှိငွေမှာ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလက ကျပ် ၃၇၈သိန်းကျော်ရရှိခဲ့ပြီး အနည်းဆုံး ရရှိငွေမှာ ၂၀၁၇ခုနှစ်၊ ဇန်နဝါရီလက ကျပ်သိန်းပေါင်း ၂၅၀ ကျော်ဖြစ်ကြောင်း၊ အောက်တိုဘာ လ ၂၃ ရက်က ရှမ်းပြည်နယ် (အရှေ့ပိုင်း)တွင် နိုင်ငံရေး မတည်ငြိမ်မှုများဖြစ်ပေါ်ခဲ့ပြီး နောက်ပိုင်းတွင် ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလအထိ ဝင်ငွေဆက်တိုက် ကျဆင်းခဲ့ကြောင်း၊ ရှမ်းပြည်နယ်အစိုးရ၏ နယ်စပ်ဝင်ပေါက်များကြီးကြ ပ်ရေး ကိုယ်စားလှယ်၏ ပြောပြချက်အရ  သိရ သည်။
        ယခင်က တာချီလိတ်မြို့ရှိ မြန်မာ -ထိုင်းချစ်ကြည်ရေး တံတား အမှတ်(၁)မှ တစ်ပိုင်တစ်နိုင် ကုန်ပစ္စည်းအပေါ် သုံးရာခိုင်နှုန်း ကောက်ခံရရှိငွေမှာ တရားဝင် အတည်ပြုချက် စာရင်းများ အရ ၂၀၁၃ ခုနှစ်တွင် ၁၈၈ ဒသ မ ၃ သန်း၊ ၂၀၁၄ ခုနှစ်တွင် ၂၀၅ ဒသမ ၄ သန်း၊ ၂၀၁၅ ခုနှစ်တွင် ၂၃၀ ဒသမ ၃ သန်း နှစ်အလိုက် အသီးသီး ရရှိခဲ့သဖြင့် လက်ရှိ ရှမ်းပြည်နယ်အစိုးရ၏ ကြီးကြပ် ဆောင်ရွက်မှု ခြောက်လတာ ကာလ အတွင်းရရှိခဲ့သည့် ပြည်နယ် ဘဏ္ဍာရန်ပုံ ငွေမှာ ယခင်ကထက် များစွာ တိုးတက်ခဲ့ကြောင်း သိရသည်။

 

မင်းအောင်(တောင်ကြီး)