ပင်လယ်ရေကြောင်းကုန်သွယ်မှုနဲ့ကုန်သွယ်ရေးစခန်းများမှ ဇန်နဝါရီလအတွင်း ဆန်ပိုမိုတင်ပို့

       မြန်မာ-တရုတ်နယ်စပ်ရှိကုန်သွယ်ရေးစခန်းများမှ ဇန်နဝါရီ ၂၈ ရက်မှ ဖေဖော်ဝါရီ ၃ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန် ဒေါ်လာ ၄၉ ဒသမ ၀၀၂ သန်းတန်ဖိုးရှိ ဆန် ၂၅၈၈၇ တန်ကျော် တင်ပို့ခဲ့ရာ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ ငစိန်ဆန်တန် ၄၀၀၊ ဧည့်မထဆန် ၁၆၅၄၇ တန်ကျော်၊ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ဧည့်မထဆန် ၃၉၂ တန်ခန့်၊ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ ငစိန်ဆန် ၈၅၄၈တန်ကျော်တင်ပို့ခဲ့ပါတယ်။ ယခင် တစ်ပတ်က ဆန် ၃၃၃၇၇တန်တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ တန်ချိန် ၇၄၉၀ လျော့နည်းခဲ့ပါတယ်။ ဇန်နဝါရီလတစ်လလုံးမှာ အမေ ရိကန်ဒေါ်လာ ၄၉ ဒသမ ၀၀၂ သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၁၅၁၇၈၇ တန်ကျော်  တင်ပို့ခဲ့ ပြီး အနီးစပ်ဆုံး ဒီဇင်ဘာလက ဆန်တန်ချိန် ၁၁၅၃၂၀ တင်ပို့ခဲ့တဲ့အတွက် ယခုလမှာ ၃၆၄၇ တန်ပိုမိုတင်ပို့ခဲ့ပါတယ်။ ဆန်ကွဲတင်ပို့မှုမှာလည်း ဇန်နဝါရီလ တစ်လလုံးအတွင်းမှာ အမေရိကန်ဒေါ်လာ ၄ ဒသမ ၂၉၂ သန်းတန်ဖိုး ရှိ ဆန်ကွဲ ၁၅၈၇၅ တန် တင်ပို့ခဲ့ပြီး အနီးစပ်ဆုံး လက ဆန်ကွဲ ၈၆၅၂ တန်သာ တင်ပို့ခဲ့တဲ့ အတွက် ယခုလမှာ ၇၂၂၃ တန်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။
        ဇန်နဝါရီ ၂၉ ရက်မှ ဖေဖော်ဝါရီ ၄ ရက်အထိ ကာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ  အမေရိကန် ဒေါ်လာ ၃ ဒသမ ၅၅၈ သန်းတန်ဖိုးရှိ ဆန်ဖြူနဲ့ပေါင်းဆန် ၁၁၃၈၃ တန်ကျော် တင်ပို့ခဲ့ပါတယ်။ နိုင်ငံအလိုက် တင်ပို့မှုများမှာ ပါပူ အာနယူးဂီနီနိုင်ငံသို့ ဧည့်မထဆန်တန် ၇၅၀၊ တရုတ်နိုင်ငံသို့ ဧည့်မထဆန်တန် ၃၅၀၀၊ သီရိလင်္ကာနိုင်ငံသို့ ဧည့်မထဆန် တန် ၂၀၉၀နဲ့ ငစိန်ဆန်တန် ၅၅၀၊ စင်ကာပူ နိုင်ငံသို့ ဧည့်မထ ဆန်တန် ၂၁၀၀၊ အီး ယူနိုင်ငံများသို့ ဧည့်မထဆန်တန် ၁၅၇၀၊ ပေါင်းဆန် ၅၇၃ တန်နဲ့ ငစိန်ဆန်တန် ၂၅၀ တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က ၅၂၁၅ တန်သာတင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၆၁၆၈ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ဇန်နဝါရီတစ်လ လုံးမှာတော့   အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၂၁၂ သန်းတန်ဖိုးရှိ  ဆန်တန်ချိန် ၄၀၃၃၃ တန်ကျော် တင်ပို့ခဲ့ ပါတယ်။ အနီးစပ်ဆုံး ဒီဇင်ဘာလက ၂၂၆၃၉ တန်ကျော် တင်ပို့ ခဲ့တဲ့အတွက် ယခုလမှာ ၁၇၆၉၄ တန်ပိုမို တင်ပို့နိုင်ခဲ့ ပါတယ်။
         ယခုတစ်ပတ်အတွင်း ဆန်ကွဲတင်ပို့မှုမှာ အမေရိကန် ဒေါ်လာ ၂ ဒသမ ၂၄၄ သန်းတန်ဖိုးနဲ့ တန်ချိန် ၈၂၂၅ ရှိပြီး အီးယူနိုင်ငံများသို့ တင်ပို့ခဲ့တာဖြစ်ပါတယ်။ ယခင်တစ်ပတ်က ဆန်ကွဲ ၆၇၀၁တန် တင်ပို့ခဲ့တဲ့အတွက် ယခု တစ်ပတ်မှာ၁၅၂၄ တန်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ဇန်နဝါရီတစ်လလုံးအတွင်းမှာ အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၈၈၄ သန်းတန်ဖိုးရှိ ဆန်ကွဲ ၄၀၅၇၆ တန်တင်ပို့ခဲ့ပြီး အနီးစပ်ဆုံး ဒီဇင်ဘာလက ၅၁၆၄၅ တန်တင်ပို့ခဲ့တဲ့အတွက် ဇန်နဝါရီလအတွင်း  ၁၁၀၆၉တန် လျော့နည်းတင်ပို့ခဲ့ပါတယ်။

 

ယဉ်ယဉ်အေး