ပို့ကုန်ချိတ်ဆက်မှု အခြေခံအဆောက်အအုံအကောင်အထည်ဖော်ရေးစီမံကိန်းသစ်ကို အိန္ဒိယအစိုးရစတင်အကောင်အထည်ဖော်

         အိန္ဒိယအစိုးရသည် ပို့ကုန်ကဏ္ဍမြှင့်တင်ရေးအတွက် ပို့ကုန်ကဏ္ဍအခြေခံအဆောက်အအုံ များတည်ဆောက် အကောင်အထည်ဖော်ရာ၌ ဘဏ္ဍာငွေထောက်ပံ့ပေးမည့်အစီအစဉ်သစ်တစ်ရပ်ကိုစတင်ရန် မတ်လ ၁၅ ရက် က ကြေညာခဲ့ကြောင်း၊ အဆိုပါအစီအစဉ်အား ပို့ကုန်ကုန်သွယ်မှု အခြေခံအဆောက်အအုံအစီအစဉ် (Trade Infrastructure for Export Scheme) အဖြစ် အမည်ပေးထားပြီး ယင်းအစီအစဉ်အတွက် တစ်နှစ်လျှင် ဘဏ္ဍာေ ငွရူပီးကုဋေ ၂၀၀ ဖြင့် သုံးနှစ်အတွက် ရူပီး ကုဋေ ၆၀၀ ခွဲဝေချထားပေးမည်ဖြစ်ကာ ယခုနှစ် ဧပြီလ ၁ ရက်မှ စတင်အကောင်အထည်ဖော်မည်ဖြစ် ကြောင်းသိရှိရပါသည်။ ယင်းအစီအစဉ်အရ နယ်စပ်ဈေးများ နယ်စပ်အကောက် ခွန်ဌာနများ၊ အရည်အသွေး စစ်ဆေးရေးနှင့် အသိအမှတ်ပြုဓာတ်ခွဲခန်းများ၊ အအေးခန်းစနစ်များ၊ ကုန်သွယ်မှုမြှင့်တင်ရေးစင်တာများ၊ ကုန်းတွင်းဆိပ်ကမ်းများ၊ ပို့ကုန်သိုလှောင်ရုံများနှင့် ထုပ်ပိုးစက်ရုံများ၊ အထူးစီးပွားရေးဇုန်များ၊ ဆိပ်ကမ်းများနှင့်လေဆိပ်များစသည့် ပို့ကုန်ကဏ္ဍနှင့်  ဆက်စပ်နေသည့်ကဏ္ဍများ၌ အခြေခံအဆောက်အအုံများ အဆင့်မြှင့်တင်ခြင်းနှင့် တည်ဆောက်ခြင်းစီမံကိန်းများအတွက် အထောက်အပံ့များ စီစဉ်ပေးမည်ဖြစ်ကြောင်း သိရှိ ရပါသည်။
         အဆိုပါအစီအစဉ်အား အကောင်အထည်ဖော်ရာ၌ ပူးပေါင်းပါဝင်မှုကို  အခြေခံမည်ဖြစ်ကာ၊ပို့ကုန်အခြေခံအဆောက်အအုံ တည်ဆောက်ရေးကိုသာမက အဆိုပါလုပ်ငန်းများ အဆင့်မြင့်မြင့်၊ ပုံမှန်လည်ပတ်ရေးနှင့် ရေရှည် တိုးတက်အောင်မြင် ရေးကိုပါဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုမျှသာမက အစောပိုင်းက  အကောင်အထည် ဖော်လျက်ရှိသည့်ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးအခြေခံ အဆောက်အအုံဖန်တီးခြင်း (Creating Infrastru- cture for Development and Growth of Exports) အစီအစဉ်အရ ပြည်နယ်များသို့ပေးခဲ့သည့် အထောက်အပံ့များအားရပ်ဆိုင်းခဲ့ရာ ယခုအစီအစဉ်သည် ပြည်နယ်များအနေဖြင့် လိုအပ်နေသည့် ပို့ကုန်အခြေခံအဆောက် အအုံဘဏ္ဍာငွေ အတွက်လည်း အကူအညီဖြစ်စေလိမ့်မည်ဖြစ်ကြောင်း သိရှိရပါသည်။
        ယခုအစီအစဉ်အား အကောင်အထည်ဖော်ရာ၌  စီမံကိန်းတစ်ခုလျှင် အများဆုံးရူပီးကုဋေ ၂၀ ထောက်ပံ့ရန် သတ်မှတ်ထားပြီး ပို့ကုန်အခြေခံ အဆောက်အအုံ အကောင်အထည်ဖော်ရေးအဖွဲ့အစည်းများ(Implementing Agencies) မှလျှောက်ထားလာသည့် ကုန်ကျငွေများမှ တစ်ဝက်ခန့်အား အကူအညီအဖြစ် ထောက်ပံ့ပေးမည်ဖြစ်ကြောင်း၊ ထောက်ပံ့ခွင့်ပြုငွေ၏ ငါးရာခိုင်နှုန်းအား စီမံကိန်းအကဲဖြတ်ခြင်း၊ လေ့လာသုံးသပ်ခြင်းနှင့် ကြီးကြပ် ကွ ပ်ကဲခြင်းတို့အတွက် အသုံးပြုမည်ဖြစ်ကြောင်း၊ ဗဟိုအစိုးရ၊ပြည်နယ်အစိုးရ၊ ပို့ကုန်မြှင့်တင်ရေးကောင်စီများ၊ ကုန်ပစ္စည်းဘုတ်အဖွဲ့များ၊ကုန်သွယ်ရေးအဖွဲ့အစည်းကြီးများသည် ဘဏ္ဍာငွေအထောက်အပံ့ရယူရန်အတွက် လျှော က်ထားခွင့်ရှိပြီး အဆိုပါအဖွဲ့အစည်းများ Implementing Agencies ဟု သတ်မှတ်မည်ဖြစ်ကြောင်း၊ ယင်းအဖွဲ့များမှ တင်ပြလာသော စီမံကိန်းများအတွက် ဘဏ္ဍာငွေခွင့်ပြုခြင်းအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ အတွင်းဝန် ဦးဆောင်သော တာဝန်အပ်နှင်းထားသည့် ကော်မတီမှ စဉ်းစားဆုံးဖြတ်ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

 

ယဉ်ယဉ်နွယ်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊နယူးဒေလီမြို့