ဝယ်ယူမှုများလို့ ပြည်ပဲဈေးကွက်အတွင်း ပဲကြီးသီးနှံအရောင်းအဝယ်သွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ပဲဈေးကွက်အတွင်းကို ပဲကြီးအသစ်များ ဆက်လက် ဝင်ရောက်လျက်ရှိရာ ပြည်၊ အောင်လံမြို့နယ်များမှ ဝင်ရောက်သလို ကံမမြို့နယ် ဘက်မှလည်းဝင်ရောက်လာခဲ့တာကြောင့်နေ့စဉ် အိတ် ၆၀၀ ကျော်အထိ ဝင်ရောက်ခဲ့ပါတယ်။ ပဲကြီးအသစ်ဈေးမှာ (ရွှေကျွန်း)တစ်တင်း၂၆၀၀၀ကျပ်၊(ကမ်းနား) တစ်တင်း ၂၅၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ပဲကြီးဈေးမှာ ယခင်နှစ်ဈေးနှုန်းနဲ့ နှိုင်းယှဉ်ရင်ယခုနှစ်ကာလတူဈေးနှုန်းမှာဈေးပို ရနေတာကို တွေ့ရပါတယ်။ ယခင်နှစ်က မတ်လဆန်း ပဲကြီးဈေးနှုန်းများမှာ (ရွှေကျွန်း) တစ်တင်း ၁၆၇၀၀ ကျပ်၊ (ကမ်းနား) တစ်တင်း ၁၅၅၀၀ ကျပ်နဲ့သာ အရောင်း အဝယ်ဖြစ်ခဲ့ပြီး၊ ဇူလိုင်လမှစပြီး၊ ပဲကြီးဈေးနှုန်းများမြင့်တက်လာခဲ့ပါတယ်။ စက်တင်ဘာလအတွင်း ပဲကြီးဈေးနှုန်းများမှာ ၃ သောင်းကျပ် အထိ မြင့်တက်လာခဲ့ပြီး၊ ပဲဟောင်းလက်ကျန်ပြတ်ချိန် ဖေဖော်ဝါရီလဆန်းအထိ တစ်တင်း ၃ သောင်းကျပ် အထက် ရရှိခဲ့တာကြောင့် ပဲလက်ကျန်ရှိသူ တောင်သူအချို့နဲ့ လှောင်လက်သမားများ အကျိုးအမြတ်ပိုခဲ့တဲ့ ပဲသီးနှံ ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ဒါကြောင့် ယခုနှစ်မှာလည်း ယခုမတ်လဆန်းမှ စပြီး၊ ပဲဈေးကောင်းရနေတဲ့အတွက် လှောင်လက်သမားများ ဝယ်ယူသိုလှောင်နေ ကြသလို ရန်ကုန်ဝယ်လက်ကလည်း ဝယ်ယူမှုရှိပြီး၊ ဒေသတွင်း ပဲကြော်ဖိုလုပ်ငန်းသမားများလည်း ဝယ်ယူလျက်ရှိတာကြောင့်ပဲဈေးကွက်အတွင်း ပဲကြီးသီးနှံမှာ အရောင်း အဝယ်သွက်နေခဲ့တဲ့ ပဲအမျိုးအစားဖြစ်ကြောင်း သိရပါတယ်။
ခင်ဆွေဝင်း - ပြည်