မြင်းခြံခရိုင်၌ ဆောင်းထောပတ်ပဲသီးနှံစိုက်ပျိုးခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်တွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ထောပတ်ပဲသီးနှံကို မိုးစိုက်နှင့် ဆောင်းစိုက်ဟူ၍ နှစ်ရာသီစိုက်ပျိုးကြ ကြောင်း၊ ဆောင်းထောပတ်ပဲကို မြင်းခြံမြို့နယ်တွင် ၈၉၆ ဧက၊ နွားထိုးကြီးမြို့နယ်တွင် ၂,၀၄၇ ဧက၊ စုစုပေါင်းစိုက်ဧက ၂,၉၄၃ ဧက စိုက်ပျိုးထားရှိကြောင်း ခရိုင်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။
ဆောင်းထောပတ်ပဲကို စက်တင်ဘာလနှင့် အောက်တိုဘာလများတွင် စိုက်ပျိုးကြပြီး မတ်လ နှင့် ဧပြီလများတွင် ရိတ်သိမ်းထွက်ပေါ်ကြောင်း၊ ထောပတ်ပဲမျိုးများမှာ ပင်ထောင်ထောပတ်ပဲမျိုးနှင့် ပင်ပြန့်ထောပတ်ပဲမျိုးများဖြစ်ပြီး ပင်ပြန့်မျိုးများကို အများဆုံးစိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးရာတွင် မြေပြုပြင်၍ အတန်းလိုက်စိုက်ပျိုးကြပြီး ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ မြေပြုပြင်ခ၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် ၅၃၀,၀၀၀ ခန့်ကုန်ကျကြောင်း၊ ယခင်နှစ်က တစ်ဧကလျှင် ထောပတ်ပဲ ၉-၁၀ တင်းခန့်ထွက်ရှိခဲ့ကြောင်း၊ ဈေးကွက်အနေဖြင့် မြင်းခြံမြို့ရှိ ပွဲရုံများ သို့ တင်ပို့ရောင်းချပြီး ထိုမှတစ်ဆင့် ရန်ကုန်(ဘုရင့်နောင်)ပွဲရုံသို့ တင်ပို့ကြောင်း၊ ယခုအချိန်တွင် ထောပတ်ပဲသီးနှံ စိုက်ခင်းများမှာ အသီးအပွင့်များဝေဆာ၍ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး မကြာမီ အချိန်တွင် ရိတ်သိမ်းရမည်ဖြစ်ကြောင်း ထောပတ်ပဲသီးနှံစိုက် တောင်သူတစ်ဦးထံမှ သိရှိရသည်။
DOCA (မန္တလေး)