မူဆယ်၊ နောင်ချို၊ ညောင်ခါးရှည်တို့မှ နိုဝင်ဘာလအတွင်း ကန့်သတ်နှင့် တရားမဝင်ကုန်ပစ္စည်းကျပ် သိန်းပေါင်း ၆၂၇၀ ကျော်ဖိုးသိမ်းဆည်းရမိ

   တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီရဲ့တာဝန်ပေးအပ်ချက်အရ စားသုံးသူအကာအကွယ်ပေးရေးနဲ့ တရားမဝင်ကုန်သွယ်မှုတားဆီးရန် Mobile Team များ ဖွဲ့စည်းလုပ်ဆောင်လျက်ရှိပါတယ်။ ၂၀၁၄ ခုနှစ် နိုဝင်ဘာလအတွင်း မူဆယ်(၁၀၅)မိုင်ထုတ်နုတ်အင်အား၊ နောင်ချိုနဲ့ ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်ညောင်ခါးရှည်တို့မှ Mobile Team အဖွဲ့များက သစ်တောထွက်ကုန်၊ အေးခဲအသား၊ ပင်လယ်စာ၊ ကြက်သွန်ဖြူ၊ စားသောက်ကုန်၊ Handset၊  ဘီယာ၊ သတ္တုမှုန့်ဟုယူဆရသော အမှုန့်၊ အခြား ပစ္စည်းများနဲ့သယ်ဆောင်လာသော ယာဉ်များ ၁၁ စီးအပါအဝင် ခန့်မှန်းတန်ဖိုးစုစုပေါင်းကျပ်သိန်း ၆၂၇၀ ဒသမ ၅၄၄ ဖိုးကို သိမ်းဆည်းရမိခဲ့တယ်လို့ သတင်းရရှိပါတယ်။

   မူဆယ် ၁၀၅ မိုင်ထုတ်နုတ်အင်အား Mobile Team အဖွဲ့အနေနဲ့ သစ်တောထွက်ပစ္စည်း ၄ မှု၊  အေးခဲအသား/ပင်လယ်စာ  ၃မှု၊ Handset ၃မှု (၇၇၄ လုံး)၊ ကြက်သွန်ဖြူ ၁ မှု၊ စားသောက်ကုန်  ၅မှု၊ ဆိုင်ကယ်  ၁ မှု (၂ စီး)၊ ယာဉ်သိမ်းဆည်းရမိမှု  ၆မှု (၆ စီး)၊ သတ္တုအမှုန့်ဟုယူဆရသောအမှုန့်  ၂မှု၊ စုစုပေါင်း ခန့်မှန်း တန်ဖိုးကျပ် ၃၂၆၉ ဒသမ  ၃၆၆ဖိုး သိမ်းဆည်းရမိခဲ့ပါတယ်။ သိမ်းဆည်းရမိတဲ့ယာဉ်အမျိုးအစားတွေကတော့ Nissan UD၊ Toyota၊  Alphard၊ UD Cander၊ Toyota Townace၊ Nissan  Audi Grandee နဲ့ ထော်လာဂျီ  ၂ စီးတို့ဖြစ်ပါတယ်။

   နောင်ချို  Mobile Team အနေနဲ့ သစ်တောထွက် ၉မှု၊ အေးခဲအသား/ပင်လယ်စာ ၈မှု၊  Beer၂ မှု၊ ကြက်သွန်ဖြူ  ၄မှု၊ စားသောက်ကုန် ၈ မှု၊ ယာဉ်သိမ်း ဆည်းရမှု  ၅ မှု (၅ စီး)၊ သတ္တုအမှုန့်ဟုယူဆရသော အမှုန့် ၁မှုနဲ့ အခြား ၁၈မှု ၊ ခန့်မှန်းတန်ဖိုးကျပ်  ၂၄၂၁ ဒသမ  ၆၄၅  သိန်းဖိုးသိမ်းဆည်းရမိခဲ့ပါတယ်။ သိမ်း ဆည်းရမိယာဉ် ၅ စီးမှာ Nissan Canter၊ Toyota၊ Hino Profia နဲ့ ဇုန်ထုတ်ယာဉ်များ ဖြစ်ကြပါတယ်။

   ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် ညောင်ခါးရှည် ယာယီအခြေပြု  Mobile Team  အဖွဲ့ (၂) ကတော့ သစ်တောထွက်ပစ္စည်း ၅ မှု၊ အေးခဲအသား/ပင်လယ်စာ ၁ မှု၊ ဘီယာ ၄ မှု၊ စားသောက်ကုန်  ၁၁ မှု၊ စားဆီ  ၂မှု၊ လူသုံးကုန်ပစ္စည်း ၉ မှု၊ အခြားကုန်စည် ၁၂ မှု၊ စုစုပေါင်း ခန့်မှန်းတန်ဖိုး ကျပ်  ၅၇၉ ဒသမ ၅၃၃ သိန်းဖိုး သိမ်းဆည်းရမိခဲ့တယ်လို့ သတင်းရရှိပါတယ်။

DCCA