မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှလည်း ဆန်တင်ပို့

   မြန်မာ့ဆန်ဖြူများကို အိမ်နီးချင်းနိုင်ငံများသို့ နယ်စပ်စခန်းများမှတစ်ဆင့် တင်ပို့ရာတွင် ဇန်နဝါရီလ  ၁၀ ရက်မှ  ၁၆ ရက်ထိ ကာလအတွင်းမှာ ကန်ဒေါ်လာ ၁၃ ဒသမ  ၄၂၂ သန်းဖိုးရှိ ဆန်ဖြူ ၃၆၂၅၈ တန်တင်ပို့ နိုင်ခဲ့ ကြောင်းသိရပါတယ်။

   နယ်စပ်အလိုက်   တင်ပို့မှုများမှာ မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်မှ  ငစိန်ဆန်  ၁၉၆၉၀ တန်၊ ဧည့်မထဆန်  ၁၀၈၉၈ တန်၊ လွယ်ဂျယ်စခန်းမှ ဧည့်မထ ဆန် တန် ၅၀၀၀၊ ချင်းရွှေဟော်စခန်းမှ တန်  ၅၇၀ တင်ပို့ခဲ့ပါတယ်။

   ယခုသီတင်းပတ်မှာ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ မောင်တောကုန်သွယ်ရေးစခန်းမှလည်း ဧည့်မထတန် ၁၀၀  ကိုတင်ပို့နိုင်ခဲ့ပါတယ်။ ဒီဇင်ဘာလတုန်းက တစ်ဖက်နိုင်ငံ မှာ ဆန်သစ်ပေါ်ချိန် ဆန်ဈေးများကျဆင်းမှုကြောင့် တွက်ခြေမကိုက်လို့ ဒီဇင်ဘာတစ်လလုံးတင်ပို့မှုရပ်ဆိုင်းထားခဲ့ပြီး ယခုဇန်နဝါရီလအတွင်းမှာတော့ အရင်ဈေးနီးပါးပြန်ရတဲ့ အတွက် ပြန်လည်တင်ပို့တာလို့ ဆန်ကုန်သည်တစ်ဦးထံမှသိရပါတယ်။

  ဘင်္ဂလားဒေ့ရှ်နိုင်ငံမှလိုအပ်သော  ဆန်များကို အိန္ဒိယနိုင်ငံမှ အများဆုံးတင်သွင်းတာဖြစ်ပါတယ်။  မြန်မာ့ဆန်ကို ယခုဘဏ္ဍာနှစ် ဧပြီလမှ  နိုဝင်ဘာလအထိ ၄၀၇၃ တန်ကျော် ကို မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှတစ်ဆင့်တင်သွင်းခဲ့ပါတယ်။ ဒီဇင်ဘာတစ်လလုံးမှာတော့ မောင်တောစခန်းမှမတင်ပို့ခဲ့ပါဘူး။

  မြန်မာနိုင်ငံမှ  အဓိကတင်ပို့နေတာကတော့ ဧည့်မထ ၂၅ မှတ်ဆန်နဲ့ ဆန်ကွဲတို့ဖြစ်ပြီး ယခုတစ်ပတ်မှာ ကန် ဒေါ်လာ ၃ ဒသမ ၉၈၀ သန်းဖိုးရှိ ဆန်ကွဲ ၁၂၂၆၃ တန်ကျော် ကိုလည်းတင်ပို့ခဲ့ပါတယ်။ တင်ပို့မှုများမှာ မူဆယ် (၁၀၅) မိုင်မှ ၁၀၆၉၃ တန်ကျော်၊ လွယ်ဂျယ်စခန်းမှ တန်  ၁၀၀၀ နဲ့ ချင်းရွှေဟော်စခန်းမှ တန် ၅၇၀ ဖြစ်ပါတယ်။ ယခင် သီတင်းပတ်ကတော့ ထိုစခန်းသုံးခုမှ ဆန်ကွဲတန်ချိန် ၁၁၈၄၉ တန်တင်ပို့နိုင်ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ  ၄၁၄ တန် ပိုမိုတင်ပို့နိုင်ခဲ့တယ်လို့သိရှိရပါတယ်။   

ယဉ်ယဉ်အေး MIRT (DCCA)