တရားမဝင်တင်ဆောင်လာတဲ့ သစ်သီးဖာများနှင့် စပါးအိတ်များအား မူဆယ် Mobile Team မှစစ်ဆေးတွေ့ရှိ

  မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်စခန်းထုတ်နုတ်အင်အားဖြင့် Mobile Teamအဖွဲ့သည် မတ်လ ၂ ရက်နေ့တွင် အေးရှားဝေါလ်တိုးဂိတ်အနီး ပြည်ထောင်စုလမ်းမကြီးပေါ်၌ တရားမဝင်ကုန်သွယ်မှုတားဆီးထိန်း ချုပ်ရေးလုပ်ငန်းများဆောင်ရွက်စဉ် ဓူဝံမှန်လုံယာဉ်ပေါ်မှ တရားမဝင်တင်ဆောင်လာတဲ့ ပန်းသီး၊ လိမ္မော်သီးနဲ့ သစ်တော်သီးဖာများကို စစ်ဆေးတွေ့ရှိသိမ်းဆည်းခဲ့ပါတယ်။

  ထို့ပြင် အဆိုပါနေ့ ၁၄း၅၀ ချိန်တွင် အေးရှားဝေါလ်တိုးဂိတ်အနီး ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ရတနာစိုးမှန်လုံယာဉ်အမှတ် 5H/ xxxx  ပေါ်မှ တရားမဝင်တင်ဆောင် လာတဲ့ စပါး ၂၄ အိတ် ခန့်မှန်းတန်ဖိုးကျပ် တစ်သိန်းလေးသောင်းခန့်အားစစ်ဆေးတွေ့ရှိသဖြင့် အဆိုပါစပါးအိတ်များအား မူဆယ်မြို့နယ် အကောက်ခွန်ဦးစီးဌာနသို့ အဖွဲ့စုံဖြင့် လွှဲပြောင်းအပ်နှံ၍ အမှုတွဲဖွင့်လှစ်ခဲ့ပါတယ်။

   အလားတူ မတ်လ ၄ ရက်နေ့တွင်လည်း Canter အမျိုးအစား ဂျူတီယာဉ် (1H/xxxx)ပေါ်မှ ID တွင်မပါရှိတဲ့ နဂါးမောက်သီးနဲ့ သစ်တော်သီးဖာများကို ထပ်မံသိမ်းဆည်းရမိ ခဲ့ပါတယ်။ယာဉ် နှစ်စီးပေါ်မှစစ်ဆေးတွေ့ရှိခဲ့တဲ့ သစ်သီးများရဲ့ခန့်မှန်းတန်ဖိုးမှာ ကျပ်   ၅ သိန်း ၇ သောင်းဖိုးခန့်ဖြစ်ပြီး အဖွဲ့စုံဖြင့် မူဆယ်မြို့နယ် အကောက်ခွန်ဦးစီးဌာနသို့ လွှဲပြောင်းအပ်နှံပြီး အကောက်ခွန်အမှုတွဲဖွင့်လှစ်ခဲ့တယ်လို့သိရပါတယ်။

DCCA