တရုတ်လျှပ်စစ်ကားထုတ်လုပ်သူများ ထိုင်းစျေးကွက်သို့ ဝင်ရောက်

ထိုင်းပြည်တွင်းလျှပ်စစ်ကားစျေးကွက်သည် ပိုမိုဝင်ရောက်လာသော တရုတ်ရင်းနှီးမြှုပ်နှံမှုများကြောင့် လျင်မြန်စွာကြီးထွားလာမည် ဖြစ်ပြီး စားသုံးသူများအားဆွဲဆောင်နိုင်ရန် ထုတ်လုပ်သူများက စျေးနှုန်းများလျှော့ချရန် လိုအပ်လာပြီ ဖြစ်ကြောင်း မော်တော်ကား ကုမ္ပဏီကြီးများကဆိုသည်။
 

လျှပ်စစ်မော်တော်ကားမျိုးစုံပါဝင်ပြသသည် “ ဘန်ကောက်နိုင်ငံတကာမော်တော်ကားပြပွဲ ” မတိုင်မီ တရုတ်မော်တော်ကားကုမ္ပဏီ ဂရိတ်ဝေါမော်တော် (Great Wall Motor-GWM) ၏ အုပ်ချုပ်မှု ဒါရိုက်တာဖြစ်သူ Narong Sritalayon က ထိုင်းစျေးကွက်တွင် စျေးနှုန်းတိုက်ပွဲများ ဖြစ်ပေါ်လာနိုင်ကြောင်း ပြောကြားခဲ့ သည်။

MG တံဆိပ်မော်တော်ကားများ ထုတ်လုပ်သည့် ထိုင်း-တရုတ် ဖက်စပ်ကုမ္ပဏီ SAIC Motor-CP ကလည်း လက်ရှိအခြေအနေများကြောင့် ထုတ်လုပ်သူများအကြား စျေးနှုန်းတိုက်ပွဲဖြစ်လာမည်ဟု ယုံကြည်နေပြီး ကုမ္ပဏီဒုဥက္ကဌ Mr.Pongsak Lertruedeewattanavong က တရုတ်ကုမ္ပဏီအချို့သည် ထိုင်းနိုင်ငံတွင် မော်တော်ကားတံဆိပ်မျိုးစုံကို ရောင်းချနေသော်လည်း MG ကမူ ကိုယ်ပိုင်တံဆိပ်ကိုသာ ရောင်းချမည်ဖြစ် ကြောင်း၊ ချုံဘူရီတွင် စက်ရုံတည်ထားသည့် SAIC Motor-CP သည် တစ်လလျှင် လျှပ်စစ်ကား ၁,၀၀၀ ထုတ် လုပ်ရန် ရည်ရွယ်ထားပြီး စျေးနှုန်းတိုက်ပွဲကိုလည်း ရင်ဆိုင်နိုင်ကြောင်း ပြောကြားခဲ့သည်။
 

ထိုင်းအစိုးရက ပြည်တွင်းလျှပ်စစ်ကားထုတ်လုပ်မှုနှင့် သုံးစွဲမှုမြှင့်တင်ရန် ထောက်ပံ့မှုများ၊ အကောက်ခွန်လျှော့ချမှုများကို EV3.0 အစီအစဉ်ဖြင့် ဆောင်ရွက်ထားရာ ပါဝင်လိုသည့်ကုမ္ပဏီများအနေဖြင့်  ၂၀၂၄ ခုနှစ်မှစ၍ လျှပ်စစ်ကားများကို ထုတ်လုပ်ရမည် ဖြစ်ပါသည်။ SAIC Motor-CP ကုမ္ပဏီသည် အဆိုပါအစီအစဉ်၌ ပါဝင်ခဲ့ပါသည်။

တရုတ်လျှပ်စစ်ကားကုမ္ပဏီ ချယ်ရီမော်တော်ကား၏ လုပ်ငန်းခွဲတစ်ခုဖြစ်သည့်  Omoda & Jaecoo (Thailand )  သည် ၎င်း၏လျှပ်စစ်ကား စက်ရုံကို ထိုင်းနိုင်ငံ ၊ရေရန်ပြည်နယ် (Rayong)တွင် ဖွင့်လှစ်ရန်နှင့်  နောက်နှစ်တွင်ထုတ်လုပ်မှုများ စတင်ရန် ထုတ်ပြန်ကြေညာခဲ့ပြီး ယခုနှစ်တွင် Omoda EV5 နှင့် Jaecoo 7 ကားစီးရေ ၆၀၀၀ ခန့်ကို ရောင်းချသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ကားချေးငွေအပေါ် တင်းကျပ်သည့်ဘဏ်စံနှုန်းများကြောင့် တရုတ်နိုင်ငံမှလျှပ်စစ်ကားတင်သွင်းမှုနှင့် ပြည်တွင်းအင်ဂျင်သုံး မော်တော်ကားများ ထုတ်လုပ်မှုအပေါ် သက်ရောက်မှုရှိမည်ဟု ထိုင်းစက်မှုလုပ်ငန်း အသင်းချုပ်၏ မော်တော်ကား လုပ်ငန်းအသင်းမှ အစောပိုင်းက ပြောကြားခဲ့သည်။

ကားချေငွေရယူခွင့်ကို ပိုမိုကန့်သတ်ခြင်းသည် ပြည်တွင်း၌ ပစ်ကပ်ကားများရောင်းချမှုကို ထိခိုက်နိုင်သော်လည်း လူစီးကားနှင့်  SUV အမျိုးအစားကားများရောင်းချမှုကို မထိခိုက်စေသင့်ကြောင်း ၊ လူစီးကားနှင့် SUV အမျိုးအစားကားများ ဝယ်လိုအားသည်ခိုင်မာဆဲ ဖြစ်ကြောင်း  Mr Pongsak က ပြောကြားခဲ့ပါသည်။

 Source : Bangkok Post