ဝန်ဆောင်မှုကုန်သွယ်ရေးတွင် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ ပါဝင်နိုင်ရေး စွမ်းဆောင်ရည်မြှင့်တင်ရေး နည်းလမ်းများကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်များ ရှာဖွေ

ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ (LDCs) ၏ ဝန်ဆောင်မှုကုန်သွယ်ရေးကိုမြှင့်တင်ရန် နည်းလမ်းများအား ရှာဖွေရေး ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ LDCs ဆပ်ကော်မတီက ကုန်သွယ်မှုကျွမ်းကျင်သူများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် အခြားသက်ဆိုင်သူများ ပါဝင်လျှက် အစည်းအဝေးတစ်ခုကို ဇူလိုင်လ ၁၁ ရက်နေ့တွင် ကျင်းပခဲ့ပါသည်။  

ဝန်ဆောင်မှုကုန်သွယ်ရေးတွင် LDC များ ပါဝင်နိုင်ရေး အခြေခံအဆောက်အအုံဆိုင်ရာ ပြဿနာများ၊ ကျွမ်းကျင်မှု၊ လုပ်ထုံးလုပ်နည်းများနှင့်နည်းပညာအားနည်းမှုတို့က အဟန့်အတားဖြစ်နေကြောင်း၊ အဆိုပါစိန်ခေါ်မှုများကိုကိုင်တွယ်ဖြေရှင်းရာတွင် နိုင်ငံ တကာပူးပေါင်းဆောင်ရွက်မှုက အရေးကြီးပြီး ကုန်သွယ်မှုဆိုင်ရာ အကူအညီလမ်းပြမြေပုံ၏ အရေးပါမှုကို ကိုးကားဆွေးနွေးခဲ့ကြပါသည်။

ပြီးခဲ့သည့်ဆယ်စုနှစ်အတွင်း LDC များ၏ စီးပွားရေးလုပ်ငန်းဝန်ဆောင်မှု တင်ပို့မှုသည် ကမ္ဘာ့ပျမ်းမျှ တင်ပို့မှုထက် တိုးလာသော်လည်း ၂၀၂၂ ခုနှစ်တွင် ကမ္ဘာ့ဝန်ဆောင်မှုတင်ပို့မှု၌ ၀.၅၃ သာ ပါဝင်ခဲ့ သည်။ LDC ဝန်ဆောင်မှုတင်ပို့မှုတွင် ရှေးရိုးဝန်ဆောင်မှုများဖြစ်သည့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနှင့် သယ်ယူပို့ဆောင်ရေးကဲ့သို့သောလုပ်ငန်းများက အဓိကဖြစ်ပြီး သတင်းအချက် အလက်နှင့်ဆက်သွယ်ရေးနည်းပညာ(ICT) ငွေကြေးနှင့်စီးပွားရေးလုပ်ငန်းဝန်ဆောင်မှုများကဲ့သို့ ကျွမ်းကျင်မှုမြင့်မားသော ဝန်ဆောင်မှုကဏ္ဍများလည်းအလားအလာရှိကြောင်း၊ ဒစ်ဂျစ်တယ်စနစ်ဖြင့် ပို့ဆောင်သည့် ဝန်ဆောင်မှုလုပ်ငန်းများတွင်လည်း အခွင့်အလမ်းများရှိကြောင်း ဆွေးနွေးသူများက အလေးပေးဖော်ပြခဲ့သည်။ 

အာဖရိကတိုက် လွတ်လပ်သောကုန်သွယ်မှုနယ်မြေ (AfCFTA) နှင့် အာဆီယံတို့ကဲ့သို့ ဒေသတွင်းကွန်ရက်များတွင် ပိုမိုနက်ရှိုင်းစွာ ပေါင်းစည်းခြင်းကလည်း LDC များအတွက် အသုံးမပြုရသေးသော အခွင့်အလမ်းများကို ရရှိနိုင်ပါသည်။ ကမ္ဘောဒီးယားနိုင်ငံမှ ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်သူ တစ်ဦးက နည်းပညာများကိုအသုံးချကာ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းပါက LDC များ၏ ဝန်ဆောင်မှုကုန်သွယ်ရေးတိုးမြင့်လာစေနိုင်ကြောင်း ဆွေးနွေးခဲ့သည်။ အရှေ့အာဖရိကရှိ သက်မွေးမှုပညာရှင်အဖွဲ့က ဒေသတွင်း ဝန်ဆောင်မှုကုန်သွယ်ရေး တိုးမြှင့်ရန် ဆောင်ရွက်ခဲ့သည့် ကုန်သွယ်မှုစေ့စပ် ညှိနှိုင်းမှုများ ၊ မူဝါဒရေးဆွဲခြင်းနှင့် ဝန်ဆောင်မှုလုပ်ငန်းရှင်များအတွက် နည်းပညာအကူအညီများကို တင်ပြခဲ့သည်။ မော်ရီတေးနီးယားနိုင်ငံ၏ ကမ္ဘာလှည့် ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စိန်ခေါ်မှုများနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းအကူအညီလိုအပ်ချက်များကိုလည်းဆွေးနွေးခဲ့သည်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ LDCs ဆပ်ကော်မတီ ပုံမှန်အစည်းအဝေးတွင် ကုလသမဂ္ဂ အာရှနှင့်ပစိဖိတ် ဒေသဆိုင်ရာ စီးပွားရေးနှင့် လူမှုရေးကော်မရှင်၊ ကုလသမဂ္ဂ အာဖရိက စီးပွားရေးကော်မရှင်နှင့်နိုင်ငံတကာ ကုန်သွယ်မှုဗဟိုဌာနတို့သည် LDC များ၏ ဝန်ဆောင်မှု ကုန်သွယ်ရေး စွမ်းဆောင်ရည် အားကောင်းစေရန် အကြံဉာဏ်များ ပေးလျှက်ရှိပါသည်။ LDC များ ဒစ်ဂျစ်တယ်ကုန်သွယ်မှုတွင် ပါဝင်ရန် အဆင်သင့်ဖြစ်မှုကို အကဲဖြတ်ပေးသည့် ဒေသတွင်း ဒစ်ဂျစ်တယ်ကုန်သွယ်မှုစည်းမျဉ်းများ ပေါင်း စည်းရေးအစီအစဉ် (Regional Digital Trade Regulatory Integration Initiative) ကို ဥပမာပေးခဲ့ပါသည်။

(လက်ရှိ LDC ၄၅ နိုင်ငံအနက် ၃၅ နိုင်ငံသည် WTO အဖွဲ့ဝင်ဖြစ်ပြီး ကိုမိုရို့စ်၊ အီသီယိုးပီးယား၊ ဆောင်ဝ်တိုမေးနှင့် ပရင်စီပေး၊ ဆိုမာလီယာ၊ တောင်ဆူဒန်၊ ဆူဒန်နှင့် တီမောလက်စ်စသည့် ၇ နိုင်ငံသည် အဖွဲ့ဝင်ဖြစ်ရေး ဆောင်ရွက်နေပါသည်။) 

ရင်းမြစ်။        ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့

          

WTO ဌာနခွဲ

ကုန်သွယ်ရေးဦးစီးဌာန