ဂါနာအစိုးရက ကောက်ပဲသီးနှံတင်ပို့မှုကို ချက်ခြင်းပိတ်ပင်

ဂါနာတွင် ပြင်းထန်သော ရာသီဥတုခြောက်သွေ့မှု ကြာရှည်နေသဖြင့် ဒေသ ၈ ခု၌ လယ်ယာထွက်ကုန်ထုတ်လုပ်မှု လျော့ကျခဲ့ရာ အစိုးရက စပါးတင်ပို့မှုကို ချက်ချင်းပိတ်ပင်ခဲ့သည်။ အဆိုပါသတင်းအား စားနပ်ရိက္ခာနှင့် လယ်ယာစိုက်ပျိုးရေးဝန်ကြီးက ပြီးခဲ့သည့် တနင်္လာနေ့က သတင်းဌာနများနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့ပြီး ယခုနည်းလမ်းသည် ပြည်တွင်းကောက်ပဲသီးနှံ အရန်သိုလှောင်မှုကို ထိန်းသိမ်းရန်နှင့် ပြည်တွင်းစားသုံးမှု ဖူလုံစေရန်ဖြစ်ကြောင်း၊ အဆိုပါ ဒေသ ၈ ခုမှ ကောက်ပဲသီးနှံ ထုတ်လုပ်မှုသည် စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှု၏ ၆၂ % ခန့်ရှိသဖြင့် စားနပ်ရိက္ခာဖူလုံရေးအပေါ် ခြိမ်းခြောက်လျှက်ရှိကြောင်း ပြောကြားခဲ့ပါသည်။

ခြောက်သွေ့သော ရာသီဥတုကြောင့် ပြောင်း၊ ဆန်၊ မြေပဲ၊ ပဲပုပ်၊ နှံစားပြောင်း၊ မျောက်ဥစသည့် အဓိက ကောက်ပဲသီးနှံများသိသိသာသာ ဆုံးရှုံးခဲ့ကြောင်း၊ လယ်ယာမြေ ဟက်တာ . သန်း ထိခိုက်ခဲ့သဖြင့် လယ်သမား ၉၈၀,၀၀၀ ကျော်၏ သက်မွေးဝမ်းကျောင်းမှုမှာ စိုးရိမ်နေရကာ နိုင်ငံစီးပွားရေးသည်လည်း ဂါနာငွေကြေး (ဂါနီးယန်းစီဒီ - GHS) ၂၂.၂ ဘီလီယံထိ ဆုံးရှုံးနိုင်ကြောင်း ဝန်ကြီးက ပြောကြားခဲ့သည်။

အစိုးရက လယ်သမားများ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆုံးရှုံးမှုများအတွက် လယ်ဧက တဟတ်တာလျှင် GHS ၁၀၀၀ ပံ့ပိုးပေးခြင်း၊ အနိမ့်ဆုံးအာဟာရ လိုအပ်ချက်များ ပြည့်ဝစေရန် စားသောက်ကုန်များ ပံ့ပိုးပေးခြင်း၊ လယ်သမားများ သိုလှောင်ထားသော ကောက်ပဲသီးနှံများ ရှင်းလင်းပေးခြင်း၊ ကြက်/ ဌက် အစာများ ဝယ်ယူပေးခြင်း၊ ငွေလွှဲခြင်း၊ သွင်းအားစုများ ပံ့ပိုးပေးခြင်း၊ မြေအစိုဓာတ် ထိန်းသိမ်းရေး နည်းပညာများ ပံ့ပိုးပေးခြင်းတို့ကို ဆောင်ရွက်ပေးနေကြောင်း၊ လယ်သမားများအနေဖြင့် ဒေသအလိုက် လယ်ယာအရာထမ်းများနှင့် ဆက်သွယ်သင့်ကြောင်း လယ်ယာစိုက်ပျိုးရေးဝန်ကြီးက ပြောကြားခဲ့ သည်။

ဆက်လက်၍ ဝန်ကြီးက ဆုံးရှုံးသွားသော လယ်သမားများ ပြန်လည်စိုက်ပျိုးနိုင်ရေး ကြီးထွားမြန် မျိုးစေ့များနှင့် မြေဩဇာတို့ကို အစိုးရက ပေးအပ်သွားမည်ဖြစ်ကြောင်း၊ လက်ရှိအခြေအနေကို ဖြေရှင်းပေးနိုင်မည့် အကောင်းဆုံးအဖြေမှာ တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်ရေး ရေသွင်းခြင်းနှင့် ရေအရင်းမြစ် စီမံခန့်ခွဲခြင်းဖြစ်ကြောင်း၊ လယ်ယာစိုက်ပျိုးရေးစီးပွားရေးဇုန်များ အစီအစဉ်အောက်ရှိ ဆည်မြောင်းစီမံကိန်း ၁၃ ခုစလုံးနှင့်အခြားသော စီမံကိန်းများတဆက်တည်း အားလုံးပြီးစီးရန် အစိုးရသည် လိုအပ်သော အရင်းအမြစ်များကို စုစည်းဆောင်ရွက်လျှက်ရှိကြောင်း၊ အစိုးရသည် အခြေအနေကို  စောင့်ကြည့်နေပြီး အချိန်နှင့်တစ်ပြေးညီ တိုးတက်မှုများကို တင်ပြသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ရင်းမြစ်။        ဂါနာတူဒေး