“ အလယ်အလတ်ဝင်ငွေထောင်ချောက် ”ကို ရှောင်ရှားရန် အဓိက မူဝါဒပြောင်းလဲမှုများ ဆောင်ရွက်တော့မည့် အင်ဒိုနီးရှား

အင်ဒိုနီးရှား၏ စီးပွားရေးတိုးတက်လာမှုသည် အာရှ၏ နောက်ဆုံးပေါ်အောင်မြင်မှုများတွင် တစ်ခုအပါအဝင်ဖြစ်ပါသည်။ အင်ဒိုနီးရှား၊ ဘဏ္ဍာရေးဝန်ကြီးက နိုင်ငံ၏ နှစ်စဉ် GDP တိုးတက်မှုနှုန်း ၅ % သည် ကမ္ဘာ့ပျမ်းမျှ GDP တိုးတက်မှုနှုန်း ၂ % ထက် မြင့်မားနေသော်လည်း ဝင်ငွေမြင့်မားသောနိုင်ငံ ဖြစ်လာရန် မျှော်မှန်းချက်အတွက်မူ မလုံလောက်ကြောင်း ပြောကြားခဲ့သည်။

အင်ဒိုနီးရှား၏ ရည်မှန်းချက် “ Golden Vision 2045 ” တွင် တစ်စိတ်တစ်ပိုင်းပါဝင်သည့် နိုင်ငံနှစ် ၁၀၀ ပြည့် နှစ်ပတ်လည်၌ လုပ်ခလစာ မြင့်မားသည့် ကျွမ်းကျင်လုပ်သားများ ရရှိနိုင်ရန် လူ့စွမ်းအားရင်းမြစ်၌ ပိုမိုရင်းနှီးမြှုပ်နှံရမည်ဟု CNBC နှင့် တွေ့ဆုံရာ၌ ဘဏ္ဍာရေးဝန်ကြီးက ပြောကြားခဲ့သည်။

နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့၏ ဩဂုတ်လ၊အစီရင်ခံစာတွင် အင်ဒိုနီးရှားအနေဖြင့် တန်ဖိုးမြှင့် ထုတ်ကုန်များကို ဒီဂျစ်တယ်ခေတ်သို့ ကူးပြောင်းရန်၊ မျှတသော၊ စိန်းလန်းသော သာတူညီမျှရှိသော ဖွံ့တိုးတက်မှုအတွက် အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်မှုနှင့် အဖွဲ့အစည်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို အရှိန်မြှင့်တင်ရန် အကြံပြုထားပါသည်။ 

၅ နှစ်တာ သက်တမ်းကို အောက်တိုဘာလတွင် စတင်မည့် အစိုးရသစ်သည် ပြီးခဲ့သည့် အစိုးရ၏ စီးပွားရေး ပြုပြင်ပြောင်းလဲမှု မူဝါဒများကိုဆက်လက်အကောင်အထည်ဖော်ကာ အင်ဒိုနီးရှားအား ၀င်ငွေမြင့်မားသော နိုင်ငံဖြစ်စေမည်ဟု အသစ်တက်မည့်သမ္မတ Subianto က ကတိပြုခဲ့ပါသည်။

ထိပ်တန်းစီးပွားရေးပညာရှင်တစ်ဦးက ဝီဒိုဒိုအစိုးရ၏ စီးပွားရေးပြုပြင်ပြောင်းလဲမှု များစွာအနက် အထင်ရှားဆုံးမှာ အလုပ် သမားအသစ်များ ပေါများလာခြင်း၊ မြေယာအသုံးချပိုင်ခွင့်ကိုပြုပြင်ပြောင်းလဲခြင်းတို့ဖြစ်ကြောင်း၊ မကောင်းမွန်သောအခြေခံအဆောက်အဦနှင့် အကျင့်ပျက်ခြစားမှုကဲ့သို့သော ချို့ယွင်းချက်များရှိနေသော်လည်း လမ်းကြောင်းမှန်သို့ ဦးတည်နေကြောင်း CNBC သို့ ပြောကြားခဲ့ သည်။

အင်ဒိုနီးရှား၊ ဘဏ္ဍာရေးဝန်ကြီးက ဝင်ငွေအလယ်အလတ်နိုင်ငံအဆင့်တွင် ရပ်တန့်မှုကို ရှောင်ရှားရန် အစိုးရသည် ပညာရေး၊ ကျန်းမာရေးနှင့် လူမှုဘဝလုံခြုံရေး၌ နိုင်ငံတော်ခွင့်ပြုငွေကို သိသာစွာ ခွဲဝေချထားကြောင်း၊ IMF ကလည်း ဝင်ငွေမြင့်မားသော နိုင်ငံဖြစ်စေရန် ကျယ်ပြန့်ပြီး ရေရှည်တည့်တံ့မည့် ဖွဲ့စည်းပုံဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ လိုအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဩစတေးလျအခြေစိုက် စီးပွားရေးလုပ်ငန်းအကြံပေးအဖွဲ့၊ Lowy Institute ၏ ဇူလိုင်လထုတ် အစီရင်ခံစာ၌ အင်ဒိုနီးရှား၏ ဒီဂျစ်တယ်အသွင်ပြောင်း လူမှုဖူလုံရေးအစီအစဉ်များ၊ အစားအစာနှင့် စွမ်းအင်ထောက်ပံ့မှုအစီအစဉ်များကို ကြည့်ခြင်းအားဖြင့် လူဦးရေ ၂၇၉ သန်းအနက် ၁၀ % အောက်သာ ၂၀၂၃ ခုနှစ်တွင် နိုင်ငံတကာဆင်းရဲနွမ်းပါးမှု စံအောက်၌ နေထိုင်နေကြောင်း ဖော်ပြထားပါသည်။ 

အခွန်ကောက်ခံမှုနှင့် အလုပ်သမားရေးရာ ပြုပြင်ပြောင်းလဲမှုများသည် ကုမ္ပဏီများ အလုပ်သမားများ ခန့်ထားမှုတွင် ပိုမိုလွယ်ကူစေခြင်းကြောင့် အင်ဒိုနီးရှားနိုင်ငံ၏ မဟာဗျူဟာမြောက်မူဝါဒဖြစ်ကြောင်း၊ အင်ဒီုနီးရှားသည် လာမည့်ဆယ်နှစ်အတွင်း ယခုကဲ့သို့ ၅ % မှ ၆ % ဆက်လက်တိုးတက်နေပါက  ကောင်းမွန်သောစွမ်းဆောင်ရည်ဖြစ်ကာ တရုတ်ကဲ့သို့ဖြစ်လာမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ဘဏ္ဍာရေးဝန်ကြီးကမူ ကိုဗစ်နှင့် ပထဝီနိုင်ငံရေး ကွဲပြားမှုများကြားမှု အောင်မြင်မှုများစွာ ရရှိခဲ့သလို ဆက်လက်လုပ်ဆောင်ရန်လည်းများစွာ ကျန်ရှိသေးကြောင်း၊ နိုင်ငံသည် ဘက်မလိုက်စီးပွားရေးမူဝါဒ ကိုဆက်လက်ကျင့်သုံးမည်ဖြစ်ကာ ဝယ်လိုအားတိုးလာသည့် ချပ်စ်(chips)နှင့် လျှပ်စစ်ကားဘက်ထရီများ တိုးမြှင့်ထုတ်လုပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရင်းမြစ်။        CNBC