၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှစ၍ DHL Express ဈေးနှုန်းများ တိုးမြှင့်တော့မည်

နိုင်ငံတကာ အမြန်ပို့ဆောင်ရေး ဝန်ဆောင်မှုပေးသည့် DHL Express သည်၂၀၂၅ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့မှ စတင်ကာ ပျမ်းမျှစျေးနှုန်း ၆.၉ % တိုးလာမည်ဖြစ်ကြောင်း ၂၀၂၄ ခုနှစ် စက်တင်ဘာ ၃၀ ရက်နေ့ထုတ် မလေးရှားသတင်းစာ Bernama က ဖော်ပြခဲ့သည်။

DHL Express ၏ မလေးရှားနှင့် ဘရူနိုင်းရုံးခွဲ မန်နေဂျင်းဒါရိုက်တာ Julian Neo က ကမ္ဘာတစ်ဝှမ်း နိုင်ငံရေးစိန်ခေါ်မှုများနှင့် ထောက်ပံ့ရေးကွင်းဆက်ပြတ်တောက်မှုများ ရှိနေသော်လည်း ကုမ္ပဏီသည် ယုံကြည်စိတ်ချရသော ဝန်ဆောင်မှု ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း၊ နှစ်စဉ်စျေးနှုန်းညှိနှိုင်းမှုဖြင့် ကုမ္ပဏီ၏ ခံနိုင်ရည်အားနှင့် လိုက်လျောညီထွေရှိမှုတို့ မြှင့်တင်ကာ ကွန်ရက်တွင် ဆက်လက်ရပ်တည်မည်ဖြစ်ကြောင်း၊ ပြင်ပအခြေအနေ မည်သို့ပင်ရှိစေကာမူ ဖောက်သည်များ၏ စီးပွားရေးလုပ်ငန်းများအား ပံ့ပိုးကူညီပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လုပ်ထုံးလုပ်နည်းနှင့် လုံခြုံရေးနည်းလမ်းများကြောင့်ဖြစ်ရသည့် ငွေကြေးဖောင်းပွမှု၊ ငွေကြေးမတည်ငြိမ်မှုနှင့် အုပ်ချုပ်မှုကုန်ကျစရိတ်များအရ DHL Express သည် စျေးနှုန်းများကို နှစ်စဉ်ပြန်လည်သုံးသပ်ကာ ပြည်တွင်းနှင့် နိုင်ငံတကာနယ်မြေပေါင်း ၂၂၀ ကျော် တွင် အဆိုပါအစီအမံများကို မွမ်းမံပြင်ဆင်ထားကြောင်း ပြောကြားခဲ့သည်။

ရင်းမြစ်။        Bernama