ယခုနှစ်ဇူလိုင်မှအောက်တိုဘာလအတွင်း ဘင်္ဂလားဒေ့ရှ်၏ သားရေဖိနပ်တင်ပို့မှုသည်၅ နှစ်တာ ကာလ၏ အမြင့်ဆုံးပမာဏဖြစ်
ဘင်္ဂလားဒေ့ရှ်သည် ယခုနှစ် ဇူလိုင်လမှအောက်တိုဘာလအတွင်း အမေရိကန်၊ ဂျပန်နှင့် ဥရောပသမဂ္ဂ ဈေးကွက်များသို့ သားရေဖိနပ်များ တင်ပို့ရာတွင် ၅ နှစ်တာကာလ၏ အမြင့်ဆုံး ပမာဏကို တင်ပို့ခဲ့ကြောင်း၊ အထည်ချုပ်ကဏ္ဍပြီးနောက် ဘင်္ဂလားဒေ့ရှ်၏ ဒုတိယအများဆုံး နိုင်ငံခြားပို့ကုန်ဝင်ငွေရရှိသည့် ဖိနပ်လုပ်ငန်းသည် ယခုနှစ် ဇူလိုင်လမှအောက်တိုဘာလအတွင်း ဒေါ်လာ ၂၂၈.၄၇သန်း ရရှိကာ ပြီးခဲ့သည့်နှစ် ကာလတူထက် ၉ % တိုးလာကြောင်း၊ အချို့စျေးကွက်များတွင် စီးပွားရေး နှေးကွေးနေသော်လည်း ဘင်္ဂလားဒေ့ရှ်၏ အလုပ်သမားစရိတ်ချိုသာမှုကြောင့် "Made in Bangladesh" ဖိနပ်များသည် လူတိုင်းဝယ်ယူနိုင်သဖြင့် အမှာစာများ တိုးမြှင့်ရရှိနေခြင်းဖြစ်ကြောင်း ပို့ကုန်မြှင့်တင်ရေးဗျူရိုမှ သိရှိရပါသည်။
ပြည်တွင်း၌ ထုတ်လုပ်တင်ပို့သူ Jennys Shoes ၏ ဥက္ကဋ္ဌနှင့် မန်နေဂျင်းဒါရိုက်တာ Nasir Khan က ကပ်ရောဂါဖြစ်ပွားပြီးနောက် သားရေဖိနပ်လုပ်ငန်းသည် ကပ်ရောဂါ မတိုင်မီ ပို့ကုန်လမ်းကြောင်းသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်း၊ ပြည်တွင်းဖိနပ်လုပ်ငန်းများသည် ၅၀ % တန်ဖိုးမြှင့်ထုတ်ကုန် ပြုလုပ်နိုင်သဖြင့် ပို့ကုန်အမယ်ထပ်တိုးနိုင်ကြောင်း ပြောကြားခဲ့သည်။
Akij Footwear Limited ၏ မန်နေဂျာ Prottoy Parvejက တရုတ်နိုင်ငံတွင် ထုတ်လုပ်မှုစရိတ် မြင့်လာခြင်းကြောင့် ဘင်္ဂလားဒေ့ရှ်သို့ ပြောင်းရွှေ့မှာယူမှုများရှိခဲ့ကြောင်း၊ ဥရောပ၊ မြောက်အမေရိက နှင့် ဂျပန်တို့မှ နာမည်ကြီး ဝယ်ယူသူများသည် ဘင်္ဂလားဒေ့ရှ် သားရေ ဖိနပ် ထုတ်လုပ်သူများထံ ဆက်သွယ်လာသဖြင့် လာမည့်နှစ်တွင်လည်း အမှာစာတိုးလာနိုင်ကြောင်း၊ ပို့ကုန်တင်ပို့သူများအတွက် ငွေကြေးမက်လုံးထက် ကုန်ချောတင်ပို့မှုနှင့် ကုန်ကြမ်းတင်သွင်းမှုတို့တွင် ရှုပ်ထွေးသော အကောက်ခွန်လုပ်ငန်းများ မလုပ်ကိုင်လိုကြောင်း ပြောကြားခဲ့သည်။
Apex Adelchi ၊ Jennys Shoes နှင့် Bay စသည့် ဘင်္ဂလားဒေ့ရှ်ဖိနပ်ကုမ္ပဏီ ၆၀ ခန့်သည် ဂျပန်၊ ဥရောပနှင့် အမေရိကန်တို့သို့ အဓိကတင်ပို့နေကာ နိုင်ငံတကာ စာရင်းအင်းများအရ ဘင်္ဂလားဒေ့ရှ် သည် ၂၀၂၄ခုနှစ်တွင် ဖိနပ်တင်ပို့မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၃.၃၃ ဘီလီယံအထိ ရောက်ရှိနိုင်ကြောင်း၊ ၂၀၂၄ ခုနှစ်မှ ၂၀၂၈ အထိ နှစ်စဉ် စျေးကွက် တိုးတက်မှုနှုန်းသည် ၅.၆၆ % ဖြစ်ကြောင်း ခန့်မှန်းထားပါသည်။
ရင်းမြစ်၊ The Daily Star