မူဝါဒပိုင်း မတည်ငြိမ်မှုများရှိသော်လည်း ကုန်စည်ကုန်သွယ်ရေးညွှန်းကိန်းက ကမ္ဘာ့ကုန်သွယ်မှု အလယ်အလတ် တိုးတက်ခဲ့ကြောင်းပြသ

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ကုန်စည်ကုန်သွယ်ရေးညွှန်းကိန်း (WTO Goods Trade Barometer)က ကမ္ဘာ့ကုန်သွယ်မှုသည် ၂၀၂၄ခုနှစ်စတုတ္ထသုံးလပတ်တွင် အလယ်အလတ်အဆင့်တိုးတက်ခဲ့ကြောင်း ပြသခဲ့ပါသည်။ သို့သော် ကုန်သွယ်ရေးမူဝါဒအပြောင်းအလဲများက ၂၀၂၅ ခုနှစ်၊ အလားအလာကို ခန့်မှန်းရန် ခက်ခဲလျက်ရှိပါသည်။

(ကုန်စည်ကုန်သွယ်ရေးညွှန်းကိန်း-Goods Trade Barometer ဆိုသည်မှာ ကမ္ဘာ့ကုန်သွယ်မှုနှင့် စပ်လျဉ်း၍ ကုန်စည်ကုန်သွယ်မှုလမ်းကြောင်းတစ်လျှောက် တိုးတက်ဖြစ်ပေါ်မှုများကို အချိန်နှင့်တပြေးညီ ပေါင်းစုဖော်ပြထားသော ဦးဆောင်ညွှန်းကိန်းတစ်မျိုးဖြစ်ပါသည်။ ၁၀၀အထက်ညွှန်းကိန်းတန်ဖိုးက ကမ္ဘာ့ကုန်သွယ်မှုပမာဏသည် အတက်ဘက်သို့ ရောက်နေကြောင်းဖော်ပြပြီး ၁၀၀ အောက် ညွှန်းကိန်းတန်ဖိုးက ကမ္ဘာ့ကုန်သွယ်မှုကျဆင်းခြင်း (သို့မဟုတ်) မကြာမီကျဆင်းမည်ဟု ဖော်ပြခြင်း ဖြစ်ပါသည်။)

လက်ရှိကုန်စည်ကုန်သွယ်မှုညွှန်းကိန်း ၁၀၂.၇ သည် ပြီးခဲ့သည့် ၃ လတစ်ကြိမ် ကုန်သွယ်မှုပမာဏ ညွှန်းကိန်းများထက် ပိုမိုမြင့်မားနေပြီးအခြေခံတန်ဖိုး ၁၀၀ ထက်လည်းမြင့်မားခဲ့ရာ ၂၀၂၄ ခုနှစ်၊ စတုတ္ထ ၃ လပတ်တွင် ကမ္ဘာ့ကုန်စည်ကုန်သွယ်မှုသည် တည်ငြိမ်စွာ တိုးတက်ခဲ့ကြောင်း ပြသခဲ့ပါသည်။ သို့သော် စီးပွားရေးမူဝါဒ မတည်ငြိမ်မှုများ ပိုမိုများ ပြားလာခြင်းက တိုးတက်မှု အလားအလာကို မှေးမှိန်နေစေပါသည်။

ကုန်စည်ကုန်သွယ်မှုညွှန်းကိန်းတွင် ပါဝင်သော အစိတ်အပိုင်းများ၏ ညွှန်းကိန်းများအားလုံးသည် ကုန်သွယ်မှုလမ်းကြောင်း အထက်တွင်ရှိနေပြီး ခြွင်းချက်အားဖြင့် အီလက်ထရွန်းနစ်အစိတ်အပိုင်းများညွှန်းကိန်းသည် ၉၅.၄ ဖြင့် ကုန်သွယ်မှုလမ်းကြောင်းအောက် ရောက်ရှိနေပါသည်။

ကုန်စည်ကုန်သွယ်မှုညွှန်းကိန်၏ အဓိကအစိတ်အပိုင်းဖြစ်သော ပို့ကုန်အမှာစာ ညွှန်းကိန်းနှင့် ကုန်ကြမ်းပစ္စည်းညွှန်းကိန်းများသည် “ ၁၀၀.၅ ” ၊ လေကြောင်းကုန်စည်ပို့ဆောင်ရေးညွှန်းကိန်းသည် “ ၁၀၂.” ၊ မော်တော်ယာဉ်ထုတ်ကုန်များညွှန်းကိန်းသည် “ ၁၀၄.၀ ”၊ ကွန်တိန်နာ သင်္ဘောဖြင့် ပို့ဆောင်ခြင်းညွှန်းကိန်းသည် “ ၁၀၅.၈ ” ဖြင့် ကုန်သွယ်မှုလမ်းကြောင်း အထက်တွင် ရှိနေပါသည်။

ကွန်တိန်နာ ပို့ဆောင်ရေး အညွှန်းကိန်းသည် ပြီးခဲ့သည့် သုံးလအတွင်း အကြီးမားဆုံး တိုးတက်ခဲ့ပြီး လေကြောင်းကုန်စည်ပို့ဆောင်ရေးအညွှန်းကိန်းသည် တိုးတက်မှုအရှိန် လျော့သွားကြောင်း တွေ့ရပါသည်။ ဘာရိုမီတာ၏ အစိတ်အပိုင်းများတွင် ခန့်မှန်းမှု အများဆုံးဖြစ်သည့် ပို့ကုန်အမှာစာညွှန်းကိန်းသည် အခြေခံညွှန်းကိန်း ၁၀၀ နှင့် အလွန်နီးကပ်နေသဖြင့် မဝေးတော့သောကာလတွင် ကုန်သွယ်မှု တိုးတက်နိုင်ပါသည်။

WTO ၏ ကုန်သွယ်မှုခန့်မှန်းချက်အရ ၂၀၂၄ ခုနှစ်တွင် ကုန်သွယ်မှုပမာဏသည် ၂.၇ % ဝန်းကျင်တွင်ရှိပြီး ၂၀၂၅ ခုနှစ်တွင် ၃.၀ ရှိမည်ဟု ခန့်မှန်းထားသည်။ နောက်ဆုံးခန့်မှန်းချက်သည် ဧပြီလခန့်မှန်းချက်များနှင့် နှိုင်းယှဉ်ပါက ဒေသအဆင့်၌ သိသာသော ပြောင်းလဲမှုများရှိသော်လည်း ကမ္ဘာ့အဆင့်၌ အနည်းငယ်သာ ပြောင်းလဲခဲ့သည်။ အာရှပို့ကုန်များနှင့် မြောက်အမေရိကနိုင်ငံများ၏ သွင်းကုန်များသည် ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်တွင် မျှော်လင့်ထားသည်ထက် ပိုမိုမြန်ဆန်လာခဲ့သည်။ ဥရောပ၌ပို့ကုန်နှင့် သွင်းကုန် နှစ်မျိုးစလုံး ကျဆင်းမှုများရှိနေပြီး WTO ၏ ကုန်သွယ်မှုခန့်မှန်းချက်အား လာမည့် ၂၀၂၅ ခုနှစ် ဧပြီလတွင် ထုတ်ပြန်သွားမည်ဖြစ်ကြောင်းဖော်ပြထားပါသည်၊၊

Source :www.wto.org