မလေးရှား၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုလက်မှတ်ရ ရာဘာ တန်ချိန် ၂၀၀ ကို အီးယူသို့ စတင်တင်ပို့
အီးယူ၏ သစ်တောပြုန်းတီးမှုကာကွယ်ရေးဥပဒေသစ် မကျင့်သုံးမီ မလေးရှားအနေဖြင့် အဆိုပါ စည်းမျဉ်းများနှင့် ကိုက်ညီနိုင်ရေး ကြိုးပမ်းလျှက်ရှိရာ ပထမဆုံး ရေရှည်ဖွံ့ဖြိုးတိုးတက်မှုလက်မှတ်ရ ရာဘာ တန်ချိန် ၂၀၀ ကို အီးယူသို့ တင်ပို့တော့မည်ဖြစ်ကြောင်း၊ မလေးရှား ကုမ္ပဏီ ၂ ခု ဖြစ်သည့် Lee Rubber Group Sdn Bhd နှင့် Seng Hin Rubber(M) Sdn Bhd တို့က ဆလိုဗားကီးယားနှင့် နယ်သာလန်တို့သို့ တင်ပို့မည်ဖြစ်ကြောင်း Business Times သတင်းတွင် ဖော်ပြထားပါသည်။
စိုက်ပျိုးရေးနှင့်ကုန်စည်များဝန်ကြီးဌာန၊ ဝန်ကြီး Datuk Seri Johari Abdul Ghani က မလေးရှား၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုလက်မှတ်ရ ရာဘာသည် နိုင်ငံတကာစံချိန်စံညွှန်းနှင့်အညီ မလေးရှား ရာဘာ ထုတ်လုပ်မှုတိုးမြှင့်နိုင်ရန် ကစားပွဲအပြောင်းအလဲဖြစ်ကြောင်း၊ အီးယူ၏ သစ်တောပြုန်းတီးမှု ကာကွယ်ရေး ဥပဒေသစ် မကျင့်သုံးမီ ယခုကဲ့သို့ ရာဘာတင်ပို့နိုင်ခြင်းသည် နိုင်ငံတကာစံချိန်စံညွှန်းနှင့်အညီ ထုတ်လုပ်လိုသော မလေးရှား၏ ကတိကဝတ်ကို ပြသခြင်းဖြစ်ကြောင်း၊ လယ်ယာကုန်စည်ကဏ္ဍသည် ကမ္ဘာ့ရေရှည်ဖွံ့ဖြိုးကိုးတက်ရေး အလေ့အထနှင့် ချိတ်ဆက်နေသော စက်မှုကဏ္ဍဝယ်လိုအား ကွင်းဆက်နှင့်ကိုက်ညီရန် ဆောင်ရွက်နေမှုကိုလည်း ပြသနေပါကြောင်း၊ ရာဘာကဏ္ဍမှ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်မှုဖြင့် မလေးရှားသည် ကမ္ဘာ့ရေရှည်ဖွံ့ဖြိုးတိုးတက်မှုနှင့် အရည်အသွေးမြင့် ရာဘာထုတ်လုပ်မှုတွင် ဦးဆောင်နေရာ ရရှိနိုင်ကြောင်း၊ နည်းပညာတိုးတက်မှုနှင့် တီထွင်မှုတို့ကလည်း ပြည်တွင်းရာဘာကဏ္ဍတိုးတက်မှုကို တွန်းအားပေးနိုင်သည့်အပြင် ပတ်ဝန်းကျင်ရေရှည် ထိန်းသိမ်းမှုနှင့်တကွ နိုင်ငံစီးပွားရေးတိုးတက်မှုကို အထောက်အကူပြုနိုင်ပါကြောင်း ပြောကြားခဲ့ပါသည်။
ရာဘာကုန်ကြမ်းကို မလေးရှား၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုလက်မှတ်ရ လုပ်ကွက်ငယ် ရာဘာထုတ် လုပ်သူများထံမှ ဝယ်ယူခြင်းဖြစ်ပြီး မလေးရှား၏ လုပ်ငန်းဆောင်ရွက်မှုစံချိန်စံညွှန်းသည် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် တန်းတူဖြစ်ကြောင်း သိရပါသည်။ မလေးရှားရာဘာဘုတ်အဖွဲ့မှ အောက်တိုဘာလ ၇ ရက်နေ့တွင် စတင်ကျင့်သုံးခဲ့သည့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုလက်မှတ်အစီအစဉ်သည် ကုလသမဂ္ဂ၏ ၂၀၃၀ ပြည့်နှစ်၊ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုရည်မှန်းချက်များနှင့်အညီ ချမှတ်ထားခြင်းဖြစ်ပါသည်။
ဝန်ကြီးက ရာဘာသည် နိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါကြောင်း၊ ၂၀၂၃ ခုနှစ် စာရင်းများအရ မိသားစု ၂၅၀,၀၀၀ ခန့်နှင့် လုပ်ငန်းနေရာ ၁၀၀,၀၀၀ ခန့် ရှာဖွေပေးနိုင်ခဲ့ကြောင်း၊ ရာဘာပို့ကုန်မှရငွေ မလေးရှားရင်းဂစ် ၂၇.၈ ဘီလီယံရှိကြောင်း၊ မလေးရှား၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုလက်မှတ်မှာ ပြည်တွင်းလုပ်ငန်းရှင်များ၊ အီးယူဈေးကွက်၏ ၁၅ % (တန်ဖိုးအားဖြင့် မလေးရှားရာဘာ စုစုပေါင်းတင်ပို့မှု၏ ရင်းဂစ် ၃.၈၇ ဘီလီယံ) ကို ကာကွယ်ရန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကမ္ဘာ့ဆီအုန်းတင်ပို့မှုအများဆုံးဖြစ်သည့် မလေးရှားနှင့် အင်ဒိုနီးရှားတို့သည် အီးယူ၏ ပတ်ဝန်းကျင်ထိန်းသိမ်းရေးမူဝါဒများကို ခွဲခြားဆက်ဆံသည့်မူဝါဒများအဖြစ် ဝေဖန်ထားကြပါသည်။
ရင်းမြစ်။ Business Times