အင်ဒိုနီးရှားသည် ၂၀၂၅ ခုနှစ်တွင် ဆန်၊ သကြား၊ ပြောင်း၊ ဆားတို့အား တင်သွင်းခွင့်ပြုမည်မဟုတ်
အင်ဒိုနီးရှားစားနပ်ရိက္ခာဝန်ကြီး၊ Zulkifli Hasan က ပြည်တွင်းစားသောက်ကုန်ဖူလုံမှုကြောင့် အစိုးရအနေဖြင့် လာမည့်နှစ်တွင် ဆန်၊ သကြား၊ ပြောင်းနှင့်ဆား ကုန်စည် ၄ မျိုးအား တင်သွင်းခွင့်မပြုတော့ကြောင်း ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ဝန်ကြီး ဟာဆန်က စားနပ်ရိက္ခာသိုလှောင်မှုသည် လိုအပ်သည်ထက် ပိုမိုများပြားနေခြင်းကြောင့် ဈေးနှုန်းလည်းထိန်းချုပ်နိုင်ကြောင်း၊ အင်ဒိုနီးရှား ထောက်ပံ့ပို့ဆောင်ရေး အေဂျင်စီဖြစ်သည့် Bulog အပါအဝင် လက်လီအရောင်းဆိုင်များ၏ ဆန်သိုလှောင်မှုသည် ခရစ်စမတ်၊ နှစ်သစ်ကူးတို့အပါအဝင် ရုံးပိတ်ကာလများအတွက် လုံလောက်မှုရှိပြီး စိတ်ချရကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ဝန်ကြီးက သကြားတန်ချိန် ၁.၄ သန်း သိုလှောင်ထားပြီး လာမည့်နှစ်ထုတ်လုပ်မှုသည် တန်ချိန် ၂.၆ သန်းရှိမည်ဟု ခန့်မှန်းထားကြောင်း၊ မျိုးစေ့အသစ်များ၊ စိုက်ပျိုးရေးစီမံခန့်ခွဲမှုများနှင့်လုပ်ငန်းငယ်များကြောင့်လည်း သကြားထုတ်လုပ်မှု တိုးတက်လာနိုင်ကြောင်း၊ လာမည့်နှစ်၏ ဆားထုတ်လုပ်မှုကို တန်ချိန် ၂.၂၅ သန်း မျှော်မှန်းထားပြီး ပြည်တွင်းစားသုံးမှုသည် တန်ချိန် ၁.၇၆ သန်း သာရှိကြောင်း၊ တိရိစ္ဆာန်အစာပြောင်း ထုတ်လုပ်မှုသည် ပြည်တွင်းလိုအပ်ချက် တန်ချိန် ၁၃ သန်း လိုအပ်သော်လည်း လာမည့်နှစ်တွင်ထုတ်လုပ်မှု တန်ချိန် ၁၆.၆၈ သန်းရှိမည်ဟု ခန့်မှန်းကြောင်း၊ ဆန်ထုတ်လုပ်မှုသည် တန်ချိန် ၃၂ သန်း ရှိမည်ဖြစ်ပြီး ပြည်တွင်းလိုအပ်ချက်မှာ တန်ချိန် ၃၁ သန်း သာရှိကြောင်း ပြောကြားခဲ့ပါသည်။
ရင်းမြစ်။ အန်တာရာသတင်းအေဂျင်စီ