စားတော်ပဲကို အကောက်ခွန်မဲ့ တင်သွင်းနိုင်ခွင့် သက်တမ်း၂ လ ထပ်မံတိုးမြှင့်လိုက်သည့် အိန္ဒိယ
အိန္ဒိယသည် အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့် စားတော်ပဲတင်သွင်းမှုအား ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအထိ တိုးမြှင့်လိုက်ကြောင်း နိုင်ငံခြားကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန (Directorate General of Foreign Trade-DGFT) ၏ တရားဝင်ထုတ်ပြန်ချက်အရ သိရပါသည်။ အိန္ဒိယသည် ကနေဒါ၊ ရုရှား၊ မြန်မာ၊ ဩစတြေးလျနှင့် အာဖရိကနိုင်ငံအချို့မှ ပဲမျိုးစုံကိုအဓိကတင်သွင်းပြီး စားတော်ပဲတင်သွင်းမှုအပေါ် အကောက်ခွန်ကင်းလွတ်ခွင့်ကို ၂၀၁၇ ခုနှစ်ကတည်းက စတင်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ကြောင်း၊ပြည်တွင်းထုတ်လုပ်မှုတိုးလာသော်လည်း ဝယ်လိုအားမှာရောင်းလိုအားထက် သာလွန်နေကြောင်းသိရပါသည်။
ပဲမျိုးစုံ ဈေးတက်နေမှုကို ထိန်းသိမ်းရန်ရည်ရွယ်၍ ဗဟိုအစိုးရက ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ အစောပိုင်းမှ ၂၀၂၄ ခုနှစ် မတ်လအထိ အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့် စားတော်ပဲတင်သွင်းမှုအား ခွင့်ပြုပေးပြီးနောက် ဧပြီလမှ ဇွန်လ အထိနှင့် အောက်တိုဘာလမှ ဒီဇင်ဘာလအထိ ဆက်လက်ခွင့်ပြုပေးခဲ့ကြောင်း၊ ၂၀၁၇ ခုနှစ် နိုဝင်ဘာလမှစ၍ စားတော်ပဲတင်သွင်းမှုအပေါ် အကောက်ခွန်နှုန်း ၅၀% ကောက်ခံခဲ့ပြီး ကနေဒါနှင့် ရုရှားနိုင်ငံတို့မှ အဓိကထားတင်သွင်းခဲ့ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံသည် ကုလားပဲ (chana)၊ ပဲနီလေး (Masur)၊ မတ်ပဲ (urad)၊ ကုလားပဲဖြူ (Kabuli cha na) နှင့် ပဲစင်းငုံ (tur) စသည့် ပဲမျိုးစုံ စားသုံးမှုအများဆုံးနှင့် အဓိကစိုက်ပျိုး ထုတ်လုပ်သည့်နိုင်ငံဖြစ်သော်လည်း ပြည်တွင်းစားသုံးမှုလိုအပ်ချက်များကို ပြည်ပမှတင်သွင်းမှုများဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပဲစိုက်ပျိုးထုတ်လုပ်သူများအတွက် အစိုးရက အမျိုးမျိုးသော မက်လုံးပေးဆွဲဆောင်မှုများ ဆောင်ရွက်ခဲ့သော်လည်း ပြည်တွင်းစားသုံးမှုလိုအပ်ချက်အတွက် မြန်မာ၊ ဩစတြေးလျ၊ ရုရှားနှင့် ကနေဒါနှင့် အာဖရိက နိုင်ငံအချို့မှ အဓိကထားတင်သွင်းခဲ့ရပြီး ၂၀၂၃ -၂၀၂၄ ခုနှစ်အတွင်း ပဲတင်သွင်းမှု နှစ်ဆမြင့်တက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၃.၇၄ ဘီလီယံထိ ရှိခဲ့ကြောင်း သိရသည်။
အိန္ဒိယ၏ ပဲစိုက်ပျိုးထုတ်လုပ်မှုသည် ၂၀၁၅-၂၀၁၆ ခုနှစ်တွင် တန်ချိန် ၁၆.၃ သန်းရှိရာမှ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် တန်ချိန် ၂၄.၅ မီလီယံထိ တိုးမြှင့်ထုတ်လုပ်နိုင်ခဲ့သော်လည်း တစ်ချိန်တည်းမှာပင် ဝယ်လိုအားသည်လည်း မြင့်တက်လာခဲ့ကြောင်း၊ အိန္ဒိယသည် ပဲအများအပြား စိုက်ပျိုးထုတ်လုပ်သလို စားသုံးမှုလည်းများပြားကြောင်း အိန္ဒိယနိုင်ငံ၏ Economic Times သတင်းစာမှ ဖော်ပြထားပါသည်။
ရင်းမြစ်။ အိန္ဒိယနိုင်ငံ၏ Economic Times သတင်းစာ