ရက်သတ္တပတ်အတွင်း ပဲပုပ်စေ့နှင့် ပြောင်းဈေးတက်နိုင်
ဈေးကျခဲ့သော ပဲပုပ်စေ့သည် ယခုသီတင်းပတ်မှစ၍ အတက်ဘက်သို့ ဦးတည်နေကြောင်း၊ အာဂျင်တီးနားတွင် အပူချိန်လျော့ကျလာပြီး ခြောက်သွေ့သောဒေသများ၌ မိုးရွာနိုင်ကြောင်းနှင့် ဘရာဇီးတွင် ရိတ်သိမ်းချိန်၌ ရာသီဥတုပိုမိုကောင်းမွန်နိုင်ကြောင်း ခန့်မှန်းချက်များကြောင့် တောင်အမေရိကတိုက်၏ ပဲပုပ်စေ့ထုတ်လုပ်မှုသည် အမေရိကန်လယ်ယာဌာန၏ ခန့်မှန်းချက်နှင့်မတူဘဲ ထုတ်လုပ်မှု ပိုများနိုင်ကြောင်း၊ ဖေဖော်ဝါရီလ အတွင်း ဘရာဇီးပဲပုပ်စေ့တင်ပို့မှုသည် ပြီးခဲ့သည့်အပတ် တင်ပို့မှုပမာဏ တန်ချိန် ၉.၇၇ သန်းထက်ကျော်ပြီးတန်ချိန် ၁၀.၁ သန်း ရောက်ရှိမည်ဖြစ်ကြောင်း၊ ပဲပုပ်စေ့ကို အစားအစာထက်ဆီအဖြစ် ပိုမိုထုတ်လုပ်သော်လည်း ယခုအပတ် ဘရာဇီး၏ ပဲပုပ်စေ့ အစာတင်ပို့မှုသည် တန်ချိန် ၁.၉၃ သန်း ရှိမည်ဖြစ်ကြောင်း၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့၌ စတင်မည့် တရုတ်၏ အမေရိကန်အပေါ် တန်ပြန်အကောက်ခွန် ကောက်ခံခြင်းတွင် ပဲပုပ်အပါအဝင် အမေရိကန် လယ်ယာထွက်ကုန်များ မပါဝင်သေးကြောင်း၊ နောက်ပိုင်းတွင် တရုတ်၏ အကောက်ခွန်တိုးမြှင့် ကောက်ခံမည့်ကုန်စည်စာရင်းတွင်အမယ်တိုးလာနိုင်ကြောင်း https://www.brownfieldagnews.com/ သတင်းက ဖော်ပြထားပါသည်။
ပြောင်းဝယ်လိုအားတက်နေသဖြင့် ဘရာဇီး၏ ပြောင်းသီးထပ်စိုက်ပျိုးမှု တိုးတက်နိုင်ကြောင်း အမေရိကန်လယ်ယာဌာန၏ ခန့်မှန်းချက်ကို လာမည့်မတ်လကုန်အထိ စောင့်ကြည့်ရန်လိုကြောင်း၊ အမေရိကန်စွမ်းအင်ဆိုင်ရာ သတင်းအချက်အလက်ဌာနအရ တစ်ပတ်အတွင်း အီသနောထုတ်လုပ်မှုသည် ပျမ်းမျှထက်ပို၍ လျော့ကျနေသော်လည်း အီသနောတင်ပို့မှုသည် တစ်ရက်ကို စည်ပေါင်း ၁၅၀,၀၀၀ ဖြင့် ပြီးခဲ့သည့်အပတ်ကထက် စည်ပေါင်း ၄၄,၀၀၀ ပိုမိုတင်ပို့နေကြောင်း၊ အီသနော ထုတ်လုပ်မှု အားနည်းနေသော်လည် တိရိစ္ဆာန်အစာနှင့် အခြားအစားအစာများအတွက် ဝယ်ယူမှုများ ရှိသဖြင့် ဘရာဇီး၏ပြောင်းတင်ပို့မှုသည် ပြီးခဲ့သည့်အပတ်အတွင်း ခန့်မှန်းချက်ကိုကျော်လွန်၍ တန်ချိန် ၁၀.၇ သန်း တင်ပို့ခဲ့ကြောင်း၊ ရာသီဥတုအခြေအနေကြောင့် အာဂျင်တီးနား၏ ပြောင်းစိုက်မှု အနည်းငယ် လျော့ကျနိုင်ကြောင်း ပြောကြားထားပါသည်။
ဂျုံဝယ်လိုအားတက်နေသော်လည်း အမေရိကန်၊ ဂျုံစိုက်ဒေသများတွင် အအေးလွန်ကဲခြင်း သို့မဟုတ် နှင်းမကျခြင်း တို့ကြောင့် စိုက်ပျိုးမှုဧရိယာကို မခန့်မှန်းနိုင်သေးကြောင်း၊ ဥရောပ၊ အိန္ဒိယ၊ ရုရှားနှင့် ယူကရိန်းတို့တွင် ဂျုံကုန်သွယ်မှုတိုးတက်မည်ဟု ခန့်မှန်းကြောင်း၊ ပင်လယ်နက်ဒေသ၌ ရောင်းအား ကျဆင်းမှုကြောင့် ပို့ကုန်တိုးလာမည်ဟု ခန့်မှန်းကြောင်း၊ သို့သော် ဒေါ်လာတန်ဖိုး၊ အာဂျင်တီးနားနှင့် ဩစတြေးလျတို့၏ သင်္ဘောတင်ပို့မှု အရှိန်နှင့် အခွန်နှုန်းများအပေါ်လည်း မူတည်ကြောင်း၊ အမေရိကန်သမ္မတသစ်တက်ပြီး ရုရှား-ယူကရိန်းစစ်ပွဲရပ်တန့်ရန် အလားအလာများရှိလာပါက ဂျုံ သီးနှံအသစ်စိုက်ပျိုးမှုအပေါ် ခန့်မှန်းချက်များ ပြောင်းလဲသွားမည်ဖြစ်ကြောင်းတို့ကို သတင်းဌာနက ဖော်ပြထားပါသည်။
ရင်းမြစ်။ https://www.brownfieldagnews.com/