ထိုင်းတွင် အွန်လိုင်းမှ စံချိန်စံညွှန်းမမီသော ကုန်ပစ္စည်းများရောင်းချသူ နှစ်သောင်းကျော်အား ဖမ်းဆီးခဲ့
ထိုင်းစီးပွား/ကူးသန်းဝန်ကြီးဌာနသည် အရည်အသွေးနိမ့် ကုန်ပစ္စည်းများ တင်သွင်းမှုနှင့် အွန်လိုင်းမှ တဆင့်ရောင်းချမှုကြောင့် ဘတ်ငွေ ၁.၁၃၇ ဘီလီယံ ဆုံးရှုံးမှုအပေါ် အရေးယူမှုများ ဆောင်ရွက်ခဲ့ကြောင်း၊ ထိုင်းအသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများက တရုတ်နိုင်ငံမှ အများဆုံးတင်သွင်းသည့် ဈေးသက်သက်သာသာနှင့် စံချိန်စံညွှန်းမမီသော ကုန်ပစ္စည်းများကြောင့် အကျိုးသက်ရောက်မှုများကို လျော့ပါးသက်သာစေရန် ကော်မတီတစ်ရပ်ကို ဖွဲ့စည်းခဲ့ပြီး ညွှန်ကြားချက်ထုတ်ပြန်ခဲ့ကာ ပြီးခဲ့သည့် စက်တင်ဘာလနှင့် ဒီဇင်ဘာလအတွင်းက အွန်လိုင်းရောင်းချသူ ၂၁,၂၂၇ ဦးကို ဖမ်းဆီးအရေးယူခဲ့ကြောင်း ထိုင်းစီးပွား/ကူသန်း ဒုတိယဝန်ကြီး Napintorn Srissunpang က ပြောကြားခဲ့သည်။
သိမ်းဆည်းရမိသော ကုန်ပစ္စည်းများတွင် ဖြည့်စွက်စာများ၊ ဆေးဝါးများ၊ ဆေးဘက်ဆိုင်ရာပစ္စည်းများ၊ အလှကုန်ပစ္စည်းများ၊ အိမ်သုံးလျှပ်စစ်ပစ္စည်းများ၊ power extension ကြိုးများနှင့် power bank များ ပါဝင်ကြောင်း၊ ဆပ်ကော်မတီက သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများအား စံချိန်စံညွှန်းမမီသော ကုန်ပစ္စည်းများ တင်သွင်းသည့် အွန်လိုင်းပလက်ဖောင်းများကို အရှိန်မြှင့်စောင့်ကြည့်ရန် ညွှန်ကြားထားကြောင်းလည်း ဒုတိယဝန်ကြီးက ပြောကြားခဲ့သည်ဟု ထိုင်း The Nation သတင်းဌာနက ဖော်ပြထားသည်။
ထို့ပြင် စီးပွား/ကူးသန်းဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် JakkaraYodmanee ဦးဆောင်သော လုပ်ငန်းအဖွဲ့တစ်ခု ဖွဲ့စည်း၍ ဈေးကွက်တွင် စံချိန်စံညွှန်းမမီသောကုန်ပစ္စည်းများ ရောင်းချမှုကို စောင့်ကြည့်ရန်၊ နိုင်ငံခြားသားစီးပွားရေးလုပ်ငန်းများ အက်ဥပဒေအရ နိုင်ငံခြားသားများ လုပ်ပိုင်ခွင့် မရှိသည့် စီးပွားရေးလုပ်ငန်းများကို ကူညီဆောင်ရွက်ပေးနေသည့် ထိုင်းနိုင်ငံသား အမည်ခံပိုင်ရှင်များကိုလည်း ဖော်ထုတ်ရန် ဆပ်ကော်မတီမှ ဆုံးဖြတ်ခဲ့ကြောင်း၊ ထိုလုပ်ငန်းအဖွဲ့အနေဖြင့် စီးပွား/ ကူးသန်းဝန်ကြီး Pichai Naripthaphan ဦးဆောင်သည့် တရားမဝင်ကုန်ပစ္စည်းများနှင့် နိုင်ငံခြားစီးပွားရေးလုပ်ငန်းများဆိုင်ရာ ကိစ္စများကို ဖြေရှင်းဆောင်ရွက်မည့် ကော်မတီအစည်းအဝေးတွင် တင်ပြရမည်ဖြစ်ပြီး အဆိုပါကော်မတီ အစည်းအဝေးကို နောက်လလယ်တွင် ကျင်းပမည်ဖြစ်ကြောင်း The Nation သတင်းစာတွင် ဖော်ပြထားပါသည်။
ရင်းမြစ်။ The Nation သတင်းဌာန