အိန္ဒိယနှင့် အမေရိကန် နှစ်နိုင်ငံကုန်သွယ်မှုသည် ၂၀၃၀ ပြည့်နှစ်တွင် အမေရိကန်ဒေါ်လာ ၅၀၀ ဘီလီယံ ရရှိရန် ရည်မှန်းထား

 

အိန္ဒိယဝန်ကြီးချုပ်မိုဒီ၏ အမေရိကန်နိုင်ငံ ခရီးစဉ်အတွင်း ၎င်းက နှစ်နိုင်ငံကြားကုန်သွယ်မှုကို ၂၀၃၀ ပြည့်နှစ်တွင် အမေရိကန်ဒေါ်လာ ၅၀၀ ဘီလီယံရရှိရန် ရည်မှန်းထားကြောင်း၊ အိန္ဒိယပြည်သူများအတွက် Viksit Bharat 2047 ပန်းတိုင်ရှိသလို အမေရိကန်ပြည်သူများအတွက် ထရမ့်ဆောင်ပုဒ် Make America Great Again- MAGA လည်းရှိကြောင်း၊ အိန္ဒိယ၏ စွမ်းအင်ဖူလုံစေရေး နှစ်နိုင်ငံကြား ရေနံနှင့် သဘာဝဓာတ်ငွေ့ကုန်သွယ်မှုကို မြှင့်တင်သွားမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံကြား ကုန်သွယ်ရေး သဘောတူညီချက်အပြီးသတ်ရေး တာဝန်ရှိသူများက ကြိုးပမ်းလျက်ရှိကြောင်း သမ္မတထရမ့်နှင့် ပူးတွဲကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဆက်လက်၍ ဝန်ကြီးချုပ်က အိန္ဒိယနှင့် အမေရိကန်တို့သည် ပူးတွဲဖွံ့ဖြိုးတိုးတက်မှု၊ ပူးတွဲထုတ်လုပ်မှုနှင့် နည်းပညာလွှဲပြောင်းမှုတို့အတွက် ရှေ့သို့တက်လှမ်းနေကြောင်း၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုက ပိုမိုကောင်းမွန်သောကမ္ဘာကြီးကို ပုံဖော်နိုင်မည်ဖြစ်ကြောင်း၊ စွမ်းအင်အခြေခံအဆောက်အအုံများတွင် ရင်းနှီးမြှုပ်နှံမှုတိုးလာခြင်း၊ စွမ်းအင်ဖူလုံစေရေးအတွက် နျူကလီးယားစွမ်းအင်ကဏ္ဍတွင် သေးငယ်သော မော်ဂျူလာဓာတ်ပေါင်းဖိုများမှစ၍ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အမေရိကန်သည် အိန္ဒိယ၏ ကာကွယ်ရေးဆိုင်ရာ ကြိုတင်ပြင်ဆင်မှုတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်နေပြီး ပူးပေါင်းဆောင်ရွက်မှုကြောင့် နည်းပညာအသစ်များနှင့် စက်ပစ္စည်းများသည် မိမိတို့၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဝန်ကြီးချုပ်မိုဒီက နွေးထွေးစွာကြိုဆိုမှုနှင့် ကောင်းမွန်တဲ့ဧည့်ဝတ်ပြုမှုအတွက် ထရမ့်ကို ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့သလို သမ္မတထရမ့်၏ ပထမသက်တမ်းအတွင်း အိန္ဒိယနှင့် အမေရိကန်ကြား ဆက်ဆံရေး တိုးတက်လာခဲ့မှုကြောင့် ယခုအကြိမ်တွင်လည်း တူညီသော စိတ်အားထက်သန်မှု၊ စွမ်းအားနှင့် သက်ဝင်ယုံကြည်ခြင်းများကို ဆက်လက်ခံစားရကြောင်း၊ ဆွေးနွေးမှုများမှလည်း ပန်းတိုင်အသစ်များ ရရှိရန် ချမှတ်ခဲ့ကြကြောင်း ပြောကြားခဲ့ပါသည်။ 

သမ္မတထရမ့်၏ ကျမ်းသစ္စာကျိန်ဆိုမှုအပြီးတွင် ၀န်ကြီးချုပ်မိုဒီသည် အမေရိကန်သို့ လာရောက်သည့် ပထမဆုံး ကမ္ဘာ့ခေါင်းဆောင်များထဲတွင် ပါဝင်ပြီး အစိုးရသစ်တက်လာပြီး သုံးပတ်အတွင်း လာရောက်လည်ပတ်ရန် ဖိတ်ကြားခံခဲ့ရခြင်းဖြစ်ပါသည်။

ရင်းမြစ်- https://www.tribuneindia.com/news/world/india-us-set-usd-500-billion-target-for-bilateral-trade-by-2030-says-pm-modi/