အမေရိကန်နိုင်ငံမှ လက်ရှိကျင့်သုံးမည့် ကုန်သွယ်မှုမူဝါဒသည် တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုကြီးထွားနေသော တောင်အမေရိကတိုက်အပေါ် အကျိုးသက်ရောက်မှုနည်းပါးနိုင်
ပြီးခဲ့သည့် ၁၀ စုနှစ်အတွင်း တောင်အမေရိကတိုက်ရှိ ကုန်စည်အများအပြားထုတ်လုပ်သည့် ဘရာဇီး၊ ချီလီ၊ ပီရူးစသည့် နိုင်ငံများ၏ တရုတ်သို့ တင်ပို့မှုသည် ၂ဆ မြင့်တက်ခဲ့ကာ အာဂျင်တီးနား၏ ပဲပုပ်နှင့် လစ်သီယမ် အပါအဝင် တရုတ်သို့ ပို့ကုန်မှာ ၂၀၂၃ ခုနှစ်အတွင်း ၁၅ % ခုန်တက်ခဲ့ပါသည်။
သယံဇာတပေါကြွယ်ဝပြီး အမေရိကန်နှင့် သဘာဝအလျှောက် မိတ်ဖက်ဖြစ်သော တောင်အမေရိကတိုက်သည် မကြာသေးမီကာလများမှစ၍ တရုတ်၏ သြဇာလွှမ်းမိုးမှုနှင့်အတူ ကူးသန်းရောင်းဝယ်ရေးကဏ္ဍ ထွန်းကားလာမှုက သမ္မတဒေါ်နယ်ထရမ့်လက်ထက်၌ ကိုလံဘီယာ၊ ပနားမား၊ မက္ကဆီကိုနှင့် ဘရာဇီး၏ သံမဏိထုတ်ကုန်အပေါ် ကုန်သွယ်ခွန်အသစ်များ ကျင့်သုံးမည့် အမေရိကန်အတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်နေခဲ့ပါသည်။
အမေရိကန်သည် မက္ကဆီကိုနှင့် ကနေဒါနိုင်ငံတို့မှ ကုန်စည်များအပေါ် မတ် ၄ ရက်နေ့မှစ၍ အကောက်ခွန် ၂၅ %နှင့် တရုတ်နိုင်ငံမှ ကုန်စည်များအပေါ် ၂၅ % အပြင် ထပ်တိုးအကောက်ခွန် ၁၀ % ကောက်ခံမည်ဖြစ်ပါသည်။ တောင်အမေရိကတိုက်ရှိ သံတမန်နှင့် ကုန်သွယ်ရေး အသိုင်းအဝိုင်းက ယခုလို တရုတ်၏ ကုန်သွယ်မှုပိုင်းတွင် ဦးဆောင်မှုကြီးထွားလာခြင်းက သမ္မတထရမ့်၏ လုပ်ဆောင်မှုများကို မှေးမှိန်သွားနိုင်ကြောင်း ပြောကြားကြပါသည်။
ဘရာဇီးထိပ်တန်းသံတမန်တစ်ဦးက ဘရာဇီးနိုင်ငံ၏ စီးပွားရေးသည် အမေရိကန်ကို မှီခိုနေခြင်း မဟုတ်ဘဲ ၂၀၂၄ ခုနှစ်တွင်း တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ ၃၀ ဘီလီယံ ရှိခဲ့သဖြင့် တရုတ်က ဘရာဇီးအတွက် စီးပွားရေးအရ ပိုမိုအရေးပါကြောင်း၊ ထရမ့်၏ အကောက်ခွန် ခြိမ်းခြောက်မှုသည် တရုတ်၊ ဥရောပနှင့် ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တောင်အာဖရိက တို့ပါဝင်သော BRICS အဖွဲ့သို့ ခြေဦးလှည့်သွားစေကြောင်း၊ ထိုအချိန်တွင် တရုတ်သည် လက်တွေ့ကျသော စီးပွားရေးမိတ်ဖက်အဖြစ် ဖိတ်ခေါ်နေကြောင်း၊ ကုန်သွယ်မှုစာရင်းများအရလည်း ဘရာဇီး၊ ချီလီ၊ ပီရူး၊ အာဂျင်တီးနားနှင့် တောင်အမေရိကတိုက်ရှိနိုင်ငံများမှ တရုတ်သို့ ပို့ကုန်သည် လွန်ခဲ့သည့်ဆယ်စုနှစ်များအတွင်း ၂ ဆကျော်တက်လာခဲ့ပြီး အမေရိကန်သို့ ပို့ကုန်မှာ အနည်းငယ်သာတက်ခဲ့ကြောင်း၊ တရုတ်၏ ကြီးမားသော ဈေးကွက်က ဒေသတွင်းစီးပွားရေးတွင်လည်း အရှိန်အဝါရှိကြောင်း၊ ရိုက်တာသတင်းဌာနက ဖော်ပြထားပါသည်။
တောင်အမေရိကတိုက်နှင့် တရုတ်၏ ကုန်သွယ်မှုတွင် ကောက်ပဲသီးနှံများ၊ အဓိက လျှပ်စစ်ဓာတ်အားဖြည့်သတ္တုများ၊ ကြေးနီနှင့် လစ်သီယမ်တို့ကြောင့် ပိုမိုတိုးတက်ခဲ့ကြောင်း၊ ကြေးနီအများဆုံး ထုတ်လုပ်သည့် ပီရူး၏ လွန်ခဲ့သော ၁၀ နှစ်ခန့်က အဓိက ကုန်သွယ်ဘက်မှာ အမေရိကန်ဖြစ်သော်လည်း လက်ရှိတွင်တရုတ်ဖြစ်ကြောင်း၊ ပီရူး - အမေရိကန် နှစ်နိုင်ငံ လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူညီချက် ရေးထိုးတော့မည်ဖြစ်ရာ အမေရိကန်၏ အကောက်ခွန်အသစ်အလားအလာသည် ပီရူးအပေါ် အနည်းငယ်သာ ရိုက်ခတ်မည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် အာဂျင်တီးနားနိုင်ငံ၏ ပဲပုပ်နှင့် အမဲသားအတွက် ထိပ်တန်းစျေးကွက်လည်းဖြစ်ကာ ၂၀၂၄ ခုနှစ်တွင် အာဂျင်တီးနား လစ်သီယမ်တင်ပို့မှု၏ သုံးပုံတစ်ပုံကိုဝယ်ယူခဲ့ကြောင်း၊ ပနားမားနိုင်ငံသည် ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ် အတွင်း တရုတ်သို့ ကြေးနီ တင်ပို့မှုသည် အမေရိကန်သို့ တင်ပို့မှုထက် အဆပေါင်းများစွာ မြင့်တက်ခဲ့ပြီး ပနားမားတူးမြောင်းအရေး၌လည်း အမေရိကန်နှင့် တင်းမာခဲ့ကြောင်း သတင်း၌ ဖော်ပြထား ပါသည်။
တောင်အမေရိကတိုက်အတွက် တရုတ်နိုင်ငံ၏ ကုန်သွယ်ရေးမိတ်ဖက်အဖြစ် အားသာမှုသည် အမေရိကန်ထက် ပိုမိုကြောင်း၊ တရုတ်၏ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လိုအပ်ချက်ဆိုသည်မှာ တောင်အမေရိကတိုက်နှင့် ကုန်စည်ကုန်သွယ်မှု ပိုမိုတိုးတက်ရန်ဖြစ်ပြီး လူဝင်မှုကိစ္စများ၊ ပြစ်မှုနှင့် မူးယစ်ဆေး ကိစ္စများ မပါဝင်ကြောင်း တရုတ်ဘက်မှ ပြောကြားထားပါသည်။
ကွမ်ဒေါင်နိုင်ငံတကာ မဟာဗျူဟာတက္ကသိုလ် (Guangdong Institute for International Strategies )မှ ပါမောက္ခ Li Xing က ထရမ့်၏ ပြင်းထန်သောနည်းလမ်းများသည် မိမိကိုယ်ကျိုး ကာကွယ်လိုသောနိုင်ငံများအတွက် တရုတ်ဘက်သို့ ပိုမိုရောက်ရှိစေမည်ဖြစ်ကြောင်း ပြောကြားထား ပါသည်။
ရင်းမြစ်။ The Straits Times